လားရှိုးမြို့ကို စစ်ကူလာသောစစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရပြီး အများအပြားသေဆုံး

0
227
ပုံစာ - ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီယာဉ်အားတွေ့ရစဉ်။

တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်၊ လားရှိုးမြို့ကို စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းအား ကိုးကန့်တပ်မတော် MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးနှင့် မိုင်ကိုင်မြို့ဘက်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ဘက်သို့ စစ်ကူလာသော စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကိုကြုံခဲ့ရသူတစ်ဦးက “ရလခ (အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းပေါ့၊ ယာဉ်တန်းပေါ့နော်။ အဲ့ဒါ ကျနော်တို့ ဒီလားရှိုးမြို့နယ်ထဲက မန်ပန်နဲ့ ဟိုနားရွာကြားမှာ တိုက်ခိုက်ခံရတာ ဖြစ်တယ်။ အဲ့ဒီယာဉ်တန်းကို ကိုးကန့်တပ်က ကြားဖြတ်တိုက်ခိုက်တာပါ။ အသေအဆုံးက အရမ်းများတာ၊ ကားတွေလည်း မီးလောင်ကုန်တယ်။ စစ်သားတွေလည်း မီးလောင်ပြီးသေကုန်တာ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာခဲ့သည့် ရုပ်သံဗွီဒီယိုဖိုင်တစ်ဖိုင်လည်း လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံထွက်ပေါ်လာခဲ့သည်။ ယာဉ်တန်း တိုက်ခိုက်ခံရသောကြောင့် မီးလောင်ပျက်စီးနေသည့်ယာဉ်နှင့် သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများကို အဆိုပါရုပ်သံဗွီဒီယိုထဲတွင် တွေ့မြင်ရပါသည်။

လမ်းမပေါ်တွင် မီးလောင်ပျက်စီးနေသည့် ယာဉ်များကိုတွေ့ရပြီး အဆိုပါယာဉ်များပေါ်တွင်သော်လည်းကောင်း၊ လမ်းဘေးတွင်သော်လည်းကောင်း သေဆုံးနေသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို ထိုရုပ်သံဗွီဒီယိုထဲတွင် တွေ့ရသည်။

စစ်ကောင်စီ အင်အား ၂၀၀ ကျော်၊ လက်နက်ခဲယမ်း အများအပြားသယ်လာသည့် ကား ၈ စီးပါ စစ်ကောင်စီယာဉ်တန်းအား လားရှိုးမြို့နယ်ထဲက မန်ပန်နှင့် ဟိုနားကျေးရွာအကြားတွင် ဇူလိုင်လ ၃၁ ရက်နေ့က တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကိုသိရှိသည့် မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက “ရလခ (အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) ဘက်ကနေတက်လာတဲ့ စစ်သားတွေလို့ ပြောတယ်။ တန့်ယန်း မှာလည်း ခဏနားတယ်။ သူတို့ ၃-၄ ဖွဲ့ခွဲပြီး လားရှိုးဘက်ကိုသွားတာ၊ အဲ့ဒါ ကြားဖြတ် တိုက်ခံလိုက်ရတာပါ။ ဘယ်နှစ်ယောက်သေလဲဆိုတာတော့ အတိအကျမသိဘူးနော်။ တော်တော် ဆိုးဆိုးရွားရွားတော့ ဖြစ်သွားတယ်” ဟု ပြောသည်။

လားရှိုးမြို့နယ်ထဲမှာတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် MNDAA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်နေပြီး စစ်တပ်ဘက်က ပေါင် ၅၀၀ ဗုံးများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်နေသည်ဟု မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

ယခုရက်ပိုင်းထဲ လားရှိုးမြို့ပေါ် ရပ်ကွက်အချို့တွင် ပိတ်မိနေသည့် အရပ်သားပြည်သူများကို ကိုးကန့်တပ်ဖွဲ့ ကယ်ထုတ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

လားရှိုးမြို့တွင်းက ရပ်ကွက်များထဲ နှစ်ဘက်တပ်ကြား တိုက်ပွဲများဆက်ဖြစ်နေပြီး လားရှိုးဘူတာ၊ လားရှိုးအကျဉ်းထောင်၊ ခလရ ၆၈၊ ခလရ ၄၁၊ မြို့ပြင်ရှိ တိုးဂိတ်များ၊ အမှတ် ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနှင့် အသံလွှင့်ဌာနအပြင် လားရှိုးလေယာဉ်ပြေးလမ်း မြောက်ပိုင်းအထိ ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထိန်းချုပ်ထားကာ အုပ်ချုပ်ရေးယန္တရားကိုလည်း စတင်ဆောင်ရွက်နေပြီဟု ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here