ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ဒူးသထူခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် ပြီးခဲ့သည့်မတ်လက လေကြောင်းတိုက်ခိုက်မှုနှင့်ပစ်ခတ်မှုကြောင့် လူအစုလိုက်သေဆုံးခဲ့သည့်အပေါ် Fortify Rights အဖွဲ့က စုံစမ်းအတည်ပြုခဲ့ပြီး ကျူးလွန်သူစစ်အုပ်စုကို အရေးယူရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ ယမန်နေ့ ဇွန်လ (၉) ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းသည်။
မတ်လ (၅) ရက်နေ့က ရေတွင်းကုန်းကျေးရွာဘုန်းကြီးကျောင်းသို့ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းနှင့် လက်နက် ပစ်ခတ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကလေးငယ်အပါအဝင် အရပ်သား(၂၈)ဦးသေဆုံးခဲ့သည်။ အသက်ရှင်လွတ်မြောက်လာသူများကို ကွင်းဆင်းမေးမြန်းပြီး စုံစမ်းရရှိထားသည့်သက်သေများအရ နိုင်ငံတကာထံ အတည်ပြုတိုက်တွန်းခြင်းဖြစ်သည်ဟု Fortify Rights က ဆိုသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုခေါင်းဆောင် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ စစ်အုပ်ချုပ်ရေးတရားဝင်ရန် ကြိုးပမ်းမှုကိုလက်မခံဘဲ စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး ဝိုင်းဝန်းကူညီကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
“ပဲခူးတိုင်းမှာဖြစ်ပွားခဲ့တဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက တရားမျှတမှုဖော်ဆောင်ဖို့၊ မြန်မာစစ်အုပ်စုရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်ဖို့ ချက်ချင်းလိုအပ်နေတာကို ပြသနေပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အခုထက်ပိုပြီးဆောင်ရွက်သင့်ပါတယ်” ဟု Fortify Rights ၏ ဒါရိုက်တာ John Quinley က ပြောသည်။
ရေတွင်းကုန်းရွာကို ဝင်ရောက်စီးနင်းသည့်ဖြစ်စဥ်အတွင်း မြန်မာစစ်အုပ်စု၏ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ ခြေမြန်တပ်ရင်း ခမရ-၂၀၊ ခမရ-၄၃၉ နှင့် ခြေလျင်တပ်ရင်း ခလရ-၂၆၄ တို့ ပါဝင်နေသည်ဟု ဆိုသည်။
ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သည့်အဆောက်အအုံကို ဗုံးကြဲခြင်း၊ အရပ်သားများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်းတို့သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) ကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုလည်းမြောက်ကြောင်းလည်း Fortify Rights က ဖော်ပြသည်။
စစ်အုပ်စုအပါအဝင် လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသူများအနေဖြင့် စစ်ရေးပစ်မှတ်နှင့်အရပ်ဖက် ခွဲခြားသိမြင်ရမည်ဖြစ်ပြီး အရပ်သားများထိခိုက်မှုနည်းပါးစေရန် ကြိုတင်ပြင်ဆင်ရမည်ဟု ထောက်ပြသည်။
ရေတွင်းကုန်းဖြစ်စဥ်အပေါ် “စစ်အုပ်စုက အရပ်သားနဲ့စစ်သားမခွဲခြားတဲ့အပြင် အကာအကွယ်ပေးဖို့ကြိုတင်မပြင်ဆင်ခဲ့တာကိုလည်း တွေ့ရတယ်။ ဘုန်းကြီးကျောင်းကိုဗုံးကြဲတာ စစ်ရေးပစ်မှတ်လို ကျူးလွန်တာဖြစ်သလို အရပ်သားတွေကိုသတ်ဖြတ်တာကလည်း စစ်ရာဇဝတ်မှုမြောက်တဲ့အတွက် နိုင်ငံတကာက အရေးယူတာဝန်ခံမှုရှိလာရေး ဘယ်လောက်အရေးတကြီးလိုနေလဲဆိုတာ ပိုထင်ရှားစေပါတယ်” ဟု John Quinley က ဖြည့်စွက်ပြောသည်။
Fortify Rights ၏ ထုတ်ပြန်ချက်တွင် စစ်အုပ်စုသည် ပဲခူးတိုင်းအပြင် ကရင်နီနှင့် ကချင်ပြည်နယ်အပါအဝင် အရပ်သားနေထိုင်ရာနေရာများကို အကြောင်းပြချက်မရှိဘဲ စစ်ရေးအားဖြင့်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး စစ်ရာဇဝတ်မှုများမြောက်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
ထို့အတူ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမျိုးသားညီညွှတ်ရေးအစိုးရ – NUG နှင့် အုပ်ချုပ်ရေးလုပ်ငန်းများ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ရိက္ခာအထောက်အပံ့များ ကူညီပေးရန်လိုအပ်သည်ဟု ထောက်ပြပြောဆိုသွားသည်။
ကေအိုင်စီ