သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ်သို့သွားသည့် လမ်းတလျှောက်တွင် လက်နက်ကိုင်များက လူငယ်များကို စစ်ဆေး၊ ဖမ်းဆီးမှုများ အပြိုင်အဆိုင် ပြုလုပ်နေကြောင်း ခရီးသွားပြည်သူများထံမှ စုံစမ်းသိရသည်။
သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ်သို့ သွားသည့်လမ်းတွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှ စ၍ လက်နက်ကိုင်များက စစ်ဆေးဖမ်းဆီးမှု များလာသဖြင့် လူငယ်များ၊ ခရီးသွားပြည်သူများသည် စိုးရိမ်နေကြရပြီး ကားသမားများမှာလည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူများက ပြောသည်။
“လူငယ်တွေက သိပ်တောင် မတင်ရဲတော့ဘူး။ ပန်ငနားမှာ နေ့တိုင်းလိုလိုကို စောင့်နေတာ။ တခြားကားတွေ ကလည်း လူကြီးတို့ အသက်ကြီးတဲ့သူ ၊ ဆေးသွားကုမယ်ဆိုရင် ပေးသွားပါတယ်။ ခုနောက်ပိုင်းတော့ လူငယ်တွေက သိပ်မသွားရဲတော့ဘူး။ စစ်မှုထမ်းစာရင်ထဲ ပါရင်တော့ ခေါ်ထားတယ်ဆိုတဲ့ သဘောပေါ့” ဟု ကားသမားတစ်ဦးက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့သို့သွားသော လမ်းမကြောတွင် ရပ်ကွက်၊ ကျေးရွာ ထောက်ခံစာများ၊ နိုင်ငံသားမှတ်ပုံတင်များ အိမ်ထောင်စုစာရင်းများကို ယခင်ထက် စစ်မှုတင်းကြပ်မှုရှိပြီး အသက် ၁၈ နှစ်အောက် ကလေးများကိုလည်း မိဘမပါလျှင် သွားလာခွင့်မပြုကြောင်းနှင့် ၁၈ အထက်လူငယ်များကိုလည်း ဖမ်းဆီးမှုများ ရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသမီးတစ်ဦးက အခုလိုပြောသည်။
“တာချီလိတ်သွားနေတာတွေကတော့ အရင်လောက် မတွေ့တော့ဘူး။ သူများလည်း သိပ်မသွားရဲတော့ဘူး။ အဓိကတော့ ဖမ်းခံရမှာ စိုးရိမ်ရတာပေါ့။ တချို့တွေကလည်း ပြန်လာချင်တာလည်း မလာရဲဘူး။ သျှမ်းစစ်သားပဲ ကြောက်ရတာ မဟုတ်ဘူး။ ဗမာစစ်သားတွေကိုလည်း ကြောက်ရတယ်။ သူတို့ကခေါ်သွားရင်တော့ ဘယ်ရောက် မလဲဆိုတာ မသိရဘူး။ ကြောက်ရတာပေါ့” ဟု အဆိုပါအမျိုးသမီးက ပြောဆိုသည်။
တိုင်းရင်သားလက်နက်ကိုင်များ၏ စစ်မှုထမ်းခြင်း ထုတ်ပြန်ချက်များ အပြိုင်အဆိုင် ထွက်ပေါ်လာပြီးနောက် ကားသမားများအတွက် အခက်အခဲများ ကြုံတွေ့လာပြီး လူငယ်များ ခရီးသည်များ လိုက်ပါစီးနင်းမှု နည်းပါး လာသည့်အတွက် ဝင်ငွေလျော့နည်းကာ စားဝတ်နေရေး အခက်အခဲ ရှိလာကြောင်း ကားသမားများက ပြောသည်။
“လူတွေ တင်ရရင်တော့ ပိုမြတ်တာပေါ့။ ပြီးတော့ အရင်လို လွတ်လွတ်လပ်လပ် မသွားရတော့ဘူး။ အဲ့လမ်း သွားတဲ့လူတွေ တော်တော်များများကတော့ ၁၀ ယောက်မှာ ဆိုရင်တော့ ၆ ယောက်လောက်က ထိုင်းသွား တာပေါ့။ ကားဆရာတွေကလည်း ဘယ်သူမှ အရင်လို သိပ်မသွားရဲတော့ဘူး။ ဧည့်သည်တွေ မရှိရင်တော့ ကျနော်တို့က ခက်ခဲတာပေါ့။ ဆီဈေးတွေကလည်း တက်နေတာပဲလေ။ ကုန်တင်ပြီး အသွားအပြန်နဲ့ဆို ဘာမှ မကျန်ဘူးလေ ခုလိုမျိုးဆိုရင်” ဟု ကားသမားတစ်ဦးက ပြောသည်။
ဖမ်းဆီးစစ်ဆေးမှုများကို မိုင်းရှူးမြို့နယ် ပန်ငကျေးရွာ လမ်းခွဲ၊ ခိုလမ်၊ မိုင်းပန်၊ တာကော် တံတားနှင့် ကျိုင်းလွန်း လမ်းခွဲ စသည့်နေရာများကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် စစ်ကောင်စီတပ်တို့ စစ်ဆေးဖမ်းဆီးနေခြင်း ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက ပြောဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံနှင့် SSPP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သျှမ်းပြည်အတွင်း နေထိုင်သည့် ဒေသခံပြည်သူများမှ နိုင်ငံခြားသို့ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ဥစ္စာများကို သိမ်းဆည်းသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
စစ်ရေးပဋိပက္ခ ကာလအတွင်း သျှမ်းပြည်တွင်နေထိုင်ပြီး မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ် အထိ ကျား၊ မ အားလုံး သျှမ်းပြည်အမျိုးသားရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် စစ်မှုထမ်းမူဝါဒနှင့် မြေယာမူဝါဒများကို (RCSS/SSA) က ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ ဒေသခံများ ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ပိတ်ပင်ဖမ်းဆီးမှု ပြုလုပ်၍ ဒေသခံများ ပြည်ပသို့ ထွက်ခွာသွားမည့်သူများနှင့် သယ်ဆောင်ပေးသော ကားသမားများကို ဖမ်းဆီးမည်ဖြစ်ပြီး ကားများကိုပါ သိမ်းသွားမည်ဟု SSPP က ထုတ်ပြန်ကြေညာထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ရေးတွင် အဖက်ဖက်က ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်ကျင့်သုံး တော့မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ထိုဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ် မပြည့်ခင်အထိ သတ်မှတ်ထားကာ အမျိုးသမီးများဖြစ်လျှင် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ် မပြည့်ခင်အထိ သတ်မှတ်ထားသည်။ ထို့အပြင် အတတ်ပညာ အသက်မွေးဝမ်းကျောင်းပြုသည့် ကျွမ်းကျင်သူများ ဖြစ်ပါက အမျိုးသား အသက် ၁၈ နှစ်မှ ၄၅ နှစ် အမျိုးသမီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ သတ်မှတ်ထားသည်။
စစ်ကောင်စီထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများသည် နီးစပ်ရာ နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေကြလျက်ရှိနေသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။