ကရင်နီ (ကယား) ပြည်၊ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတချို့ ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ KNDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ တပ်ဖွဲ့ဝင် ၃ ဦးလည်း ကျဆုံးခဲ့ရတယ်လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် KNDF ၏ ရှားတောမြို့အား တိုက်ခိုက်သိမ်းပိုက်ထားသည့် စစ်ရေး အခြေအနေ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် အနီးတဝိုက်၌ အခိုင်အမာတပ်ချပြီး ပြည်သူလူထုအား ဖမ်းဆီးမှုများ စဉ်ဆက် မပြတ် လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းကို ကရင်နီပြည်တပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် Loikaw PDF တို့ ပူးပေါင်းပြီး တစ်လနီးပါးကြာတိုက်ခိုက်ခဲ့ပြီး နောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
တော်လှန်ရေးပူးပေါင်းတပ်များက ဗျူဟာကုန်းကို ဝန်းရံထားချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ချပြီး ဘက်ပြောင်းခိုလှုံဖို့ အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်က လက်မခံတာကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ထိုးစစ်ဆင်၍ အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး လက်ရှိချိန်တွင် ရှားတောမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ KNDF ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီးအစုံ ၁၈ လက်၊ Smoke Gun ၃ လက်၊ Jammer Gun ၁ လက်နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းနှင့် အကြိမ် ၂၀၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရှားတောမြို့သိမ်းတိုက်ပွဲ ကာလအတွင်း ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အရပ်သား ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကြောင်းနှင့် မြို့တွင်းရှိ အဆောက်အဦးပေါင်း ၄၀ ကျော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့တယ်လို့ KNDF ထံမှ သိရသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။