ရှမ်းမြောက် တာမိုးညဲ၊ မုံးစီးစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

0
443
ပုံစာ - တာမိုးညဲ၊မုံးစီးစစ်ဘေးရှောင်များ အကူအညီလိုအပ်နေကြ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာမိုးညဲမြို့နယ်ဘက်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မုံးစီးဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲကြောင့် မုံးစီးဒေသခံများသည် တာမိုးညဲမြို့နယ်အတွင်းရှိ နမ့်မော၊ နမ့်ဆာနှင့် နမ့်ဝမ်း ကျေးရွာများထဲသို့ စစ်ရှောင်လာကြခြင်း ဖြစ်သည်။

ဒေသခံအမျိုးသမီးတစ်ဦးက “သူတို့အတွက် အရေးကြီးဆုံး လိုအပ်တာက စားသောက်ဖို့ ဆန်၊ ဆီ၊ ဆား နဲ့ အခုက အရမ်းအေးတယ်ဆိုတော့ စောင်တွေလည်း လိုအပ်တယ်” ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ရှောင်များထဲတွင် အများစုမှာ သက်ကြီးရွယ်အို၊ ကလေးနှင့် အမျိုးသမီးများဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့်အဖွဲ့အစည်းကမှ လာရောက်ကူညီခြင်းမျိုး မရှိသေးဘူးဟု ဒေသခံများက ပြောသည်။

အဆိုပါ မုံးစီးစစ်ရှောင်ပြည်သူ ၅၀၀ ကျော်အား တာမိုးညဲမြို့နယ်အတွင်းရှိ နမ့်မော၊ နမ့်ဆာနှင့် နမ့်ဝမ်း ကျေးရွာများရှိ ပြည်သူများက လိုအပ်သည်များကို တတ်နိုင်သလောက် ကူညီပေးထားရသည်ဟု ဆိုကြသည်။

မုံးစီးစစ်ရှောင်ပြည်သူများသည် အောက်တိုဘာလ ၂၇ ရက်နေ့စတင်ပြီး တာမိုးညဲမြို့နယ်အတွင်းရှိ ကျေးရွာများထဲကို စစ်ဘေးရှောင်များ ရောက်ရှိလာကြခြင်းဖြစ်ပြီး ယနေ့အချိန်ထိလည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသောကြောင့် နေရပ်ကို ပြန်၍ မရသေးဘူးဟု ဆိုကြသည်။

ရက်ကြာရှည်လာမည်ဆိုပါက စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ ရေရှည်ကူညီပေးနိုင်ရေး အခက်အခဲရှိသည်ဟု တာမိုးညဲဒေသခံ စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ကာ မြောက်ပိုင်းညီနောက်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့်
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယနေ့အချိန်အထိ နေရာအနှံ့၌ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ တိုက်ခိုက်ခြင်း ဗုံးကြဲခြင်းများ ဆက်တိုက်လုပ်ဆောင်နေပြီး မြေပြင်မှလည်း လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများ နေထိုင်ကြသည့် ရပ်ကွက်၊ ကျေးရွာများထဲကို စစ်ရေးပစ်မှတ် ခွဲခြားခြင်းမရှိဘဲ ဆက်တိုက်ပစ်ခတ်မှုများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ မုံးကိုး၊ ချင်းရွှေဟော်၊ မုံးစီး အစရှိသည့် မြို့နယ်များထဲက ပြည်သူများက စစ်ဘေးလွတ်နိုင်မည့် မြို့ပေါ်များရှိ ဘုန်းကြီးကျောင်းများ၊ နီးစပ်ရာဆွေမျိုးများ၏ အိမ်များတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here