ရှမ်းနီပါတီမြိုနယ်အတွင်းရေးမှူး၏ ကလေးငယ်နှင့်ဇနီးကို PDF ဖမ်းဆီးထားရာမှ ပြန်မလွှတ်သေးဟုဆို

By MPM 1 ဖေ‌ဖော်ဝါရီ, 2024 👁

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြိုနယ် ရှမ်းနီအမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီ/ TNDP အတွင်းရေးမှူးဖြစ်သူ၏ တစ်နှစ်အရွယ်ကလေးငယ်နှင့် ဇနီးဖြစ်သူကို ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က ဖမ်းဆီးသွား သည်မှာ ၂ ပတ်ကျော် ကြာလာသည့်အထိ လွှတ်မြောက်လာခြင်းမရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရှမ်းနီပါတီ ဗန်းမောက်မြိုနယ်အတွင်းရေးမှူးကိုကျော်စိုး၏ ဇနီးဖြစ်သူ မမေဇင်ဦးသည် သူ၏မိဘများနှင့်နေထိုင်ရာ ပင်ပုံအုပ်စု၊ သရက်ကုန်းကျေးရွာမှ ခင်ပွန်းဖြစ်သူထံ ပြန်လာစဥ် ပင်ဟင်းခါးဂိတ်၌ PDF အဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကိုကျော်စိုးက “ရွာကနေ ဗန်းမောက်ကိုလာတဲ့အချိန်မှာ ပင်ဟင်းခါးဂိတ်မှာ ဖမ်းသွားတာ။ အခု စီးမော်ဘက်ကို ခေါ်သွားပြီလိုတော့ သိရတယ်” ဟု ဆိုသည်။

မမေဇင်ဦးနှင့်အတူ တစ်နှစ်အရွယ်၎င်းတို့၏ရင်ခွင်ပိုက်ကလေးငယ်လည်း ပါသွားပြီး နိုင်ငံရေးနှင့် မသက်ဆိုင်သူကို ဖမ်းဆီးခြင်းမှာ သင့်တော်မှုမရှိဟု ကိုကျော်စိုးက ပြောသည်။

“ အခုထိ ပြန်မလွှတ်သေးဘူး ၊ ပါတီကနေတဆင့်တော့ NUG ကိုလည်း ပြောပေးဖို့ အကူညီတောင်းထားတာတော့ ရှိတယ်။ ကလေးကငယ်လွန်းတော့ ကျန်းမာရေး ထိခိုက်မှာပဲစိုးတာ” ဟု ၎င်းက ပြောဆိုသည်။

ကိုကျော်စိုးသည် ဗန်းမောက်မြိုနယ်တွင် TNDP ပါတီ စတင်ဖွဲစည်းခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက မြိုနယ် အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသူလည်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အား ဆက်သွယ်မေးမြန်းရန် ကြိုးစားနေသော်လည်း ယခုချိန်ထိ ဆက်သွယ်နိုင်ခြင်း မရှိသေးပါ။

ဗန်းမောက်မြို့နယ်တွင် ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းမှစ၍ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်များ အကြား တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ မကြာမကြာ ဖြစ်ပွားခဲ့ပြီး ဆက်စပ်ပတ်သက်သည်ဟု ယူဆသူများကို နှစ်ဖက်တပ်အကြား အပြန်အလှန် ဖမ်းဆီးမှုများလည်း မကြာခဏ ပြုလုပ်လျှက်ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။