ရှမ်းနီတိုင်းရင်းသားများ အခြေချနေထိုင်ရာ ဒေသများအားလုံးနီးပါး ဖုန်းနှင့်အင်တာနက်လိုင်း ပြတ်တောက်ဆဲဖြစ်

By MPM 29 အောက်တိုဘာ, 2024 👁

ရှမ်းနီတိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်အခြေချရာဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်လျှက်ရှိနေကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဟုမ္မလင်း၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ဝန်းသို၊ ကသာ၊ ထီးချိုင့်၊ ကောလင်း၊ ဖောင်းပြင်စသည့် မြို့နယ်များနှင့် ကချင်ပြည်နယ်ရှိ မိုးညှင်း၊ မိုးကောင်း၊ မိုးမောက်၊ ဗန်းမော်၊ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေဆဲဖြစ်သည်။

ထိုသို့ဆက်သွယ်ရေး လိုင်းများအားလုံး ဖြတ်တောက်ခံရမှုကြောင့် သတင်းအချက်အလက် ပြတ်တောက်မှုများ၊ စီးပွားရေးဆိုင်ရာ ငွေထုတ်ငွေလွှဲ ကျဆင်းမှုများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

မံစီ မြို့ခံတစ်ဦးက “အခက်အခဲကတော့ ဘဏ်ငွေလွှဲတာပေါ့နော်၊ ငွေလွှဲတာတို့တွေ လုပ်လို့မရဘူး။ ပုဂ္ဂိလက ဘဏ်တွေမှာသွားပြီး လုပ်လို့မရတော့ဘူး။ စီးပွားရေးလုပ်တဲ့ လုပ်ငန်းမှာ ကော်နက်ရှင်ပျက်သွားတော့ တော်တော် အခက်အခဲဖြစ်တာပေါ့။ အဲ့ကိစ္စက ကြပ်သွားတာပေါ့” ဟု ပြောသည်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသော်လည်း လက်ရှိ၌ အင်တာနက် အသုံးပြုနိုင်ရေးအတွက် Star link ဂြိုလ်တုအင်တာနက်များဖြင့် လက်ဖက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များတွင် အနည်းအကျဉ်း ဖွင့်လှစ်ထားသော်လည်း ပုံမှန်အင်တာနက်စျေးနှုန်းများထက် စျေးဆယ်ဆကျော် မြင့်တက်နေသည်။

အင်တာနက်အသုံးပြုရန် အနည်းဆုံးငွေ ၂၀,၀၀၀ နီးပါး အကုန်ကျခံပြီးမှ အင်တာနက်အသုံးပြုရကြောင်း ဟုမ္မလင်းဒေသခံတစ်ဦးက ပြောသည်။

“အင်တာနက် သွားသုံးမယ်ဆိုရင် ဆိုင်ကယ်နဲ့ သွားရတာလေ။ ဆိုင်ကယ်ဓာတ်ဆီက ရေသန့်ဘူးတစ်ဘူးကို ကျပ် ၁၀,၀၀၀ ပေးနေရတယ်။ နောက်ပြီးအင်တာနက်အသုံးပြုမယ်ဆိုရင်လည်း နောက်ထပ် ငါးထောင် တစ်သောင်း ကုန်ပြန်ပြီလေ ဒါကြောင့် ဖုန်းနဲ့အင်တာနက်သုံးမယ်ဆိုရင် ၁၅,၀၀၀ ခွဲ ၂၀,၀၀၀ ကုန်တယ်လို့” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းခရိုင်အတွင်းရှိ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူးမြို့နယ် တို့တွင်၂၀၂၁ ခုနှစ် စစက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက် နေသည်မှာ ၃ နှစ်ကျော်အထိ ရှိလာပြီဟုလည်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။

ယင်းအပြင် ရှမ်းနီတိုင်းရင်းသား အများဆုံးနေထိုင်သည့် ခန္တီးခရိုင်၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ်တို့ရှိ စစ်ရေးပဋိပက္ခဖြစ်ပွားရာ နေရာဒေသတို့၌ ၂၀၂၃ ခုနှစ်အစောပိုင်းကတည်းက ဖုန်းလိုင်းနှင့် အင်တာနက်အမြန်နှုန်းများ လျော့ချခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ပထမအပတ်တွင်တော့ ခရိုင်လုံးတခုလုံး အတိုင်းတာဖြင့် ပြတ်တောက်သွားခဲ့သည်ဟု ဆိုသည်။

ကသာခရိုင်အတွင်းက အင်းတော်မြို့၊ ကသာမြို့နယ်များ၊ ထီးချိုင့်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့တွင် ၂၀၂၂ ခုနှစ် မတ်လ ပထမအပတ်ကတည်းက ခရိုင်တခုလုံးအတိုင်းတာဖြင့် ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထိန်းချုပ်ရာ ဗန်းမောက်မြို့နယ် အနောက်ပိုင်း ဒေသတချို့ အနည်းငယ်တွင်တော့ ဖုန်းလိုင်းများ ရရှိနေသေးကြောင်း သိရသည်။

မိုးညှင်းခရိုင်အတွင်းရှိ ဖားကန့်မြို့နယ်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လကတည်းက အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့တာဖြစ်ပြီး လက်ရှိချိန်အထိ ပြန်ဖွင့်လှစ်ပေးခြင်း မရှိသေးပေ။

မိုးညှင်းခရိုင်အတွင်း ပါဝင်သည့် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်ခရိုင်အတွင်း ပါဝင်သည့် မိုးမောက်၊ ဗန်းမော်၊ မံစီ၊ ရွှေကူ၊ မြစ်ကြီးနား ခရိုင်အတွင်းပါဝင်သည့် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် တနိုင်းခရိုင် စသည့် ဒေသများအားလုံး ယခု ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ပြီး ဖုန်းလိုင်းနှင့် အင်တာနက်များအားလုံး ပြတ်တောက်သွားခဲ့သည်မှာ လက်ရှိအချိန်ထိဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။