ရွှေဘိုပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ဗုံးပေါက်ကွဲမှု့ဖြစ်ပွား

0
411
ပုံစာ- ရွှေဘိုပြည်သူ့ဆေးရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု့ဖြစ်ပွားပြီး တွေ့ရစဉ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုသည် ရွှေဘိုပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ဆေးရုံအုပ်ကြီးရုံးခန်းရှေ့ ကွန်ကရစ်လမ်းမပေါ်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်းနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်ကောင်စီပိုင် မီဒီယာများတွင် ဖော်ပြထားချက်အရ ယင်းဖြစ်စဉ်မှာ ရွှေဘိုမြို့ အမှတ် ၇ ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် မပပထွန်းသည် လက်လုပ်မိုင်းထည့်ထားသော ဂျင်းလွယ်အိတ်ကို ဆေးရုံအတွင်းရှိ လူနာဆောင်များရှိရာသို့ ယူဆောင်လာချိန် ဆေးရုံအုပ်ကြီးရုံးခန်းရှေ့ ကွန်ကရစ်လမ်းမပေါ်၌ပင် ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် မပပထွန်း (၃၁) နှစ်သည် လက်နှစ်ဖက်လုံး ပျက်စီးဆုံးရှုံးသွားပြီး တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်းလည်း စစ်ကောင်စီပိုင် မီဒီယာများတွင် ဆက်ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တော်လှန်ရေးအင်အားစုများဘက်မှ တစုံတရာ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါ။

ရွှေဘိုမြို့ဒေသခံများကို အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဆက်သွယ်မေးမြန်းရာတွင်လည်း ဆက်သွယ်ရေး အခက်အခဲနှင့် လုံခြုံရေးကြောင့် ဆက်သွယ်မေးမြန်းလို့ မရရှိသေးပေ။

ယင်းပေါက်ကွဲမှုကြောင့် အများပြည်သူထိခိုက်မှု မရှိသော်လည်း ဆေးရုံမှန်ပြတင်းများ ကွဲအက်သွားခဲ့ကြောင်း စစ်ကောင်စီပိုင် မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

ရွှေဘိုမြို့နယ်သည် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး မာရှယ်လောထုတ်ထားသည့် မြို့နယ်တစ်မြို့နယ်လည်း ဖြစ်သည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here