မြန်မာနိုင်ငံတဝန်းမှာ ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း ၂၂၉ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
ရွေးကောက်ပွဲ ပျက်ပြားအောင် နည်းလမ်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေအရ အမှုပေါင်း ၁၄၀ ၊ တရားခံ ၂၂၉ ဦး အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ လုံခြုံရေးအား ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူသွားဖို့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကာလ လုံခြံရေး ကျိုးပေါက်မှု မရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် စစ်တပ်၊ပြည်သူ့စစ်အဖွဲ့တွေအပြင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြသူတွေနဲ့ လှုံ့ဆော်သူတွေကို ထောင်ဒဏ် ဆယ်နဲ့ချီတဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်