ရေး – သံဖြူဇရပ်လမ်းပိုင်း နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်ပြီး ခရီးသွားလာရာ၌ လုံခြုံရေးဆိုင်ရာဆိုးရွားနေ

0
249
ပုံစာ - ရေး - သံဖြူဇရပ်လမ်းပိုင်းတနေရာ။

မွန်ပြည်နယ်၊ ရေး- သံဖြူဇရပ် အမှတ် (၈) လမ်းမပေါ်တွင် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ခရီးသွားလာသူများအတွက် လုံခြုံရေးဆိုင်ရာ ပိုမိုဆိုးရွားနေသည်ဟု ခရီးသွားလာသူများက ပြောဆိုသည်။

ရေး – သံဖြူဇရပ် လမ်းပိုင်းရှိ အောင်သာယာရွာတွင် ဇူလိုင် ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ (AD)၊ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ယာဉ်များ ခေတ္တရပ်နားခဲ့ရသည်ဟု ဆိုသည်။

အဆိုပါလမ်းပိုင်းတွင် နေ့စဉ်နီးပါး ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ ဆိုင်ကယ်၊ ခရီးသည်တင်ယာဉ်နှင့် ခရီးသွားလာသူတို့ကို လက်ကိုင်ဖုန်းမှအစ ရှာဖွေစစ်ဆေးမေးမြန်းမှု လုပ်ဆောင်နေသည့်အပြင် မသင်္ကာသူများကို ဖမ်းဆီးခေါ်ဆောင်နေသည်ဟု ရေးဒေသခံတစ်ဦးက ပြောဆိုသည်။

“ဒီတစ်ရက်နှစ်ရက်မှာဆို တိုက်ပွဲက ၂ ခါတောင် ဖြစ်ခဲ့တယ်ပေါ့။ စစ်ဆေးမေးမြန်းမှုက ပိုပြီးဆိုးနေတယ်ပေါ့၊ အထူးသဖြင့် ခြံသမားတွေဆို စစ်တပ်တွေက ဟိုဘက်အဖွဲ့တွေနဲ့ ထောက်ပို့လုပ်နေလား ဘာလားဆိုပြီး ပိုပြီး စစ်ဆေးနေတယ်ပေါ့၊ သွားလာလို့ ရနေသေးတယ်ဆိုပေမဲ့ ဖုန်းတွေစစ်တဲ့အထိဆိုတော့ ပိုပြီးခက်နေတာပေါ့” ဟု အဆိုပါရေးဒေသခံက ပြောသည်။

လက်ရှိတွင် ရေးဒေသခံတို့သည် အရေးပေါ်တစုံတရာ ဖြစ်ပွားပါက လူနာတင်ယာဉ်အပြင် ခရီးသည်တင်ယာဉ်များ လမ်းလွှဲမှ မောင်းနှင်သွားလာနေရပြီး လမ်းစရိတ် နှစ်ဆပေးဆောင် နေရသည်ဟုလည်း ရေးဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

သောင်ပြင်သူဒေသခံတစ်ဦးက “ကိုယ့်ရဲ့အစ်မက နေမကောင်းလို့ မော်လမြိုင်ဆေးခန်းကို သွားပြတယ်။ မော့ကနင်းရောက်တဲ့အချိန်မှာ ထိပ်တိုက် တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲကြောင့် ကားဆရာက ဆက်မသွားရဲဘဲ အိမ်ကိုပဲ ပြန်လာခဲ့တယ်” ဟု ပြောသည်။

စစ်ကောင်စီအဖွဲ့က ရေး- ထားဝယ် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် လက်ရှိတွင် မော့ကနင်လမ်းဝမှ ရေး – ထားဝယ်နယ်နိမိတ်အထိ အင်အားတိုးချဲ့ထားသည်ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ထို့အခြေအနေများကြောင့် ရေးဒေသခံများအနေဖြင့် အခြားမြို့များသို့ ဆက်သွယ်အသွားအလာမလုပ်နိုင်မည်ကို စိုးရိမ်လျှက် ရှိကြသည်။

ယခု ဇူလိုင်လအတွင်း မွန်ပြည်သစ်ပါတီ (AD)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ရေး – သံဖြူဇရပ် လမ်းပိုင်းတွင် တိုက်ပွဲအရှိန် မြှင့်တင်လျက်ရှိပြီး အဆိုပါ မော့ကနင်းရွာအနီးတွင် တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဇူလိုင် ၂၉ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ရေးဒေသခံကားသမားနှစ်ဦးကို အကြိုအပို့ လုပ်ဆောင်စေပြီး ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အထိ ပြန်လည်လွတ်မြောက်သေးခြင်းမရှိကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

တော်လှန်ရေးမဟာမိတ်အဖွဲ့တို့ကလည်း ဒေသခံများအနေဖြင့် အရေးကြီးကိစ္စမှလွဲ၍ ခရီးသွားလာခြင်းမပြုရန် သတိပေး ပြောဆိုထားသည်ဟု ဆိုသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here