ရေးမြို့နယ်တွင် ခိုးဆိုးလုယက်သူများကို စစ်ကောင်စီက အရေးယူခြင်းမရှိဟုဆို

By MPM 15 ဩဂုတ်, 2024 👁

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခိုးဆိုးလုယက်မှုနှင့်ဆိုင်သည့် ပြစ်မှုကျူးလွန်သူများကို စစ်ကောင်စီက အရေးယူမှု လုံးဝမရှိတော့သည့် အခြေအနေတွင်ရှိနေပြီး မြို့အတွင်း မသမာသည့်နည်းလမ်းနှင့် ငွေရှာသူများ တိုးသထက်တိုးပွားလာနေသည်ဟု ရေးဒေသခံတို့ ပြောဆိုမှုအရသိရသည်။

လူမြင်ကွင်းနှင့် နေ့ခင်းပိုင်းပါမကျန် လုယက်နေသူများကို ဒေသခံတို့က ဝိုင်းဝန်းဖမ်းဆီး၍ စစ်ကောင်စီတပ်ဖွဲ့ထံ သွားရောက်အပ်နှံသော်လည်း အရေးယူခြင်းမရှိဘဲ မိနစ်ပိုင်းအတွင်း ထိုသူများကို ပြန်လည်လွှတ်ပေးနေသည်ကို တွေ့မြင်နေရသည်ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

“နေ့တိုင်းပဲ ခိုးနေကြတာ။ ညရော၊မနက်ရော ဒါပေမဲ့ ဖမ်းမိလည်း ဘာမှမထူးဘူး။ ဖမ်းမိတော့ သူတို့ဆီကို သွားအပ်လည်း ၅ မိနစ်တောင်မပြည့်ဘူး၊ သူတို့ပြန်လွတ်လာတာ သူခိုးက အိမ်အရင်ပြန်ရောက်သွားတယ်၊ ကိုယ်တောင် အိမ်မရောက်သေးဘူး။ အုပ်ချုပ်ရေးဘက်နဲ့ ရဲစခန်းဘက်ကို ဆွေးနွေးဖူးတယ် သွားတိုင်ဖူးတယ် သူတို့ရဲ့စစ်သားတွေကို ကင်းစောင့်ခိုင်းတယ်။ ဒါပေမဲ့ ညဘက်မှာ ဒီလူကဖမ်း၊ မနက်ပိုင်းမှာ ဟိုလူက လွှတ်လိုက်တယ်။ ဘာမှမထူးဘူး” ဟု ၎င်းကပြောပြသည်။

ခိုးဆိုးလုယက်သူတို့ကို စစ်ကောင်စီ၏ သတင်းပို့သူအဖြစ်လည်း အသုံးပြုနေပြီး ထိုသူများကအုပ်စုဖွဲ့ကာ လက်နက်ကိုင်ဆောင် သွားလာနေခြင်းကြောင့် ဒေသခံတို့ အသက်အန္တရာယ် ငြိမ်းခြောက်မှုနှင့်လည်း ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ရေးမြို့ပေါ်တွင် သြဂုတ်လဒုတိယပတ်အတွင်း နေအိမ် ၆ အိမ်ကျော် ဖောက်ထွင်းခံရပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိသည့်အပြင် ပျောက်ဆုံးသွားသည့်ပစ္စည်းနှင့် ငွေကြေးများကိုလည်း ပြန်လည်ရရှိခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုသည်။

အကာအကွယ်ပေးမှုဆိုင်ရာ မရှိတော့သည့်နောက်ပိုင်း အများပြည်သူတို့ နေ့စဉ်ဘဝ လုံခြုံမှုအပြင် နစ်နာဆုံးရှုံးမှု များစွာရှိနေသည်ဟု အဆိုပါရေးမြို့ခံက ဆက်ပြောသည်။

“ညညဆိုရင် မအိပ်ရဲဘူး။ သူတို့က အဖွဲ့အစည်းနဲ့ လှုပ်ရှားနေတာ။ ဒီရပ်ကွက်မှာ ၁၀ ယောက်သွား ဟိုရပ်ကွက်မှာ ၅ ယောက် ဒီရပ်ကွက်မှာ ၃ ယောက် အဲလို လူခွဲပြီး သွားခိုးနေကြတယ်။ ခိုးပြီးရလာတဲ့ပမာဏတွေကိုစုပြီးရင် အတူခွဲဝေယူကြတယ်။ နေ့ပိုင်းဆိုရင် ခြံဘက်မှာ သွားခိုးတယ်၊ ညပိုင်းဆိုရင် အိမ်တွေမှာ လာခိုးတယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင်လည်း ယခုကဲ့သို့ ဖြစ်ပွားနေပြီး စစ်ကောင်စီ အုပ်စိုးထားသည့် မြို့နယ်များတွင်လည်း ခိုးဆိုးလုယက်မှုတို့ ဖြစ်ပွားလျှက် ရှိသည်ဟု ဆိုသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သူနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကို ထောက်ပံ့သူတို့ကို အဓိက ပစ်မှတ်ထားဖမ်းဆီးနေသည့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့သည် လက်ရှိတွင် စစ်ရှုံးနေသည့်အခြေအနေကြောင့် ခိုးမှု လုယက်မှုတို့ကိုလည်း အရေးယူနိုင်မည် အခြေအနေတွင် မရှိတော့ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူတို့ကြား ပြောဆိုလျှက်ရှိသည်။

စစ်အာဏာသိမ်းကာလ ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းနှင့်အတူ ကုန်ဈေးနှုန်း ကြီးမြင့်မှုတို့ကြောင့် စားဝတ်နေရေး မလုံလောက်မှုအပြင် နေထိုင်ရေးအခက်ခဲတို့နှင့် ရင်ဆိုင်နေရချိန်တွင် ခိုးဆိုးလုယက်ခံရသည့် အန္တရာယ်တစ်ခုလည်း ဒေသခံပြည်သူတို့ ထပ်မံတိုးပွား ရင်ဆိုင်နေကြရသည်။

IMNA ပေးပို့သည်။