ရေးမြို့နယ်တောင်ပိုင်းဒေသတွင် နေ့ခင်းပိုင်းသာ ဖုန်းလိုင်းရရှိ

By MPM 27 မတ်, 2025 👁 7

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအများစုတွင် နေ့ခင်းပိုင်း၌သာ ဖုန်းလိုင်းရရှိပြီး ညပိုင်းတွင် ဖုန်းလိုင်းအားလုံး ဖြတ်တောက်ခံထားရသည်ဟု ရေးဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ရေးတောင်ပိုင်း ဒေသခံအများစုတို့ အသုံးပြုနေသည့် MPT နှင့် Mytlel ဆင်းကတ်ဖုန်းလိုင်းတို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ယနေ့ချိန်အထိ ညပိုင်းတွင် ဖုန်းလိုင်းဖြတ်တောက်ခံထားရသဖြင့် အချိန်ကာလအားဖြင့် ၄ လနီးပါးအထိ ရှိလာပြီဟု ဒေသခံတို့ကပြောသည်။

ဖုန်းလိုင်းဖြတ်တောက်ခံရတာကြောင့် ဒေသခံတို့အနေဖြင့် ညပိုင်း၌ ကျန်းမာရေးအခြေအနေတခုခု (သို့) ပဋိပက္ခ တစုံတရာဖြစ်လာပါက ဆက်သွယ်ရေး နှောင့်နှေးခက်ခဲမှုဖြစ်ပြီး အသက်အန္တရာယ်အတွက် စိုးရိမ်မိသည်ဟု ဒေသခံတို့က ပြောဆိုသည်။

ရေးမြို့၊ ကျုံညဲဒေသခံတစ်ဦးက “ညဘက်ဆို ဘာလိုင်းမှမရတော့ဘူး။ နေ့ဘက်ပဲ ရတယ်၊ ရွာထဲမှာဆိုလဲ သုံးမရဘူး။ ရွာအပြင်ဘက်မှာပဲ သုံးလို့ရတယ်။ ကျွန်မတို့အိမ်က ရွာအပြင်ဘက်မှာရှိနေလို့ လိုင်းမိနေတာ” ဟု ပြောသည်။

လက်ရှိအခြေအနေအရ နေ့ခင်းပိုင်းတွင် ဖုန်းလိုင်းရရှိနေသည်ဆိုသော်လည်း လိုင်းဆွဲအားမရှိသဖြင့် လူသူနည်းပါး သည့်နေရာများ၌သာ ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်ပြီး အင်တာနက်အသုံးပြုမှု လုံးဝမရရှိတော့ကြောင်း ဒေသခံများက ပြောသည်။

“အစက ဖုန်းလိုင်းတွေ အင်တာနက်တွေရသေးတယ်။ လိုင်းမကောင်းဘူး တော်တော်ဆိုးတယ်။ အခုတော့ လုံးဝပြတ်တောက်သွားတာ သုံးမရတော့ဘူး Ooredooက တခါတလေရတယ်” ဟု ရေးမြို့၊ ခေါဇာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုမတ်လအတွင်း ရေးမြို့နယ် ခေါဇာမြို့နှင့်အနီးတဝိုက်၌ Atom နှင့် Ooredoo ဖုန်းလိုင်းများ ပြတ်တောက်နေပြီး၊ Wifi အင်တာနက်လိုင်းတို့ ရရှိနေသဖြင့် အနည်းငယ်အဆင်ပြေကြောင်း ၎င်းက ဆက်ပြောသည်။

မည်သည်ကြောင့် ဖုန်းလိုင်းများဖြတ်တောက်ခံရသည်ကို အတိအကျမသိရှိရသော်လည်း လျှပ်စစ်မီး အချိန်ကြာရှည်စွာ ပြတ်တောက်နေမှုတို့ကြောင့်လည်း ဖြစ်နိုင်သည်ဟု ဒေသခံတို့က သုံးသပ်ပြောဆိုလျှက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း အနည်းဆုံး ၈၁ မြို့နယ်တွင် စစ်ကောင်စီက အင်တာနက် ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ပြီး အထူးသဖြင့် စစ်ကောင်စီနှင့် စစ်ရေးပဋိပက္ခကြီးထွားရာနေရာဒေသများ၊ စစ်ကောင်စီလက်လွှတ်ခဲ့သည့် မြို့နယ်အားလုံးနီးပါတွင် အင်တာနက်ဖြတ်တောက်ခံထားရကြောင်း မြန်မာအင်တာနက်ပရောဂျက်၏ အစီရင်ခံစာဖော်ပြချက်အရ သိရသည်။

IMNA ပေးပို့သည်။