ရေးတွင် တိုက်ပွဲအရှိန် တိုးမြင့်လာမည့်အခြေအနေကြောင့် ဒေသခံများ စစ်ဘေးပြင်ဆင်မှုကြိုတင်လုပ်ဆောင်နေ

By MPM 8 ဩဂုတ်, 2024 👁 4

မွန်ပြည်နယ်၊ သံဖြူဇရပ် – ရေး – ထားဝယ်လမ်းပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအရှိန်တိုးမြင့်လာမည့် အခြေအနေကြောင့် ရေးဒေသခံပြည်သူများ စစ်ဘေးကြိုတင်ပြင်ဆင်ခြင်းကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာသည်ဟု သိရသည်။

ရေးဒေသခံများက ၎င်းတို့၏နေအိမ်တိုင်းနီပါး ဗုံးခိုကျင်းတူးထားပြီး၊ အကာအကွယ်ယူနိုင်မည့် ခိုင်ခံသည့် နေအိမ်တို့တွင် ပြောင်းရွေ့နေထိုင်နေသည့်အပြင် စားနပ်ရိက္ခာ စုဆောင်းခြင်းနှင့် အရေးပေါ်ပြောင်းရွေ့နိင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟုလည်း ရေးဒေသခံတို့က ပြောဆိုသည်။

“အခုကတည်းက အရေးကြီးကိစ္စကလွဲပြီး အိမ်မှာပဲနေတာ များလာတယ်။ ညနေ ၅ နာရီကျော်ရင် လမ်းမထွက် တော့ဘူး။ သွားစရာရှိရင်တောင် ရေးဘက်ကိုပဲ သွာတယ်။ မော်လမြိုင်ဘက်တော့ သိပ်မသွားဘူး။ နောက်ပြီး ရေး-သံဖြူဇရပ်လမ်းမှာ တိုက်ပွားတွေလဲ ခဏခဏဖြစ်နေတယ်ဆိုတော့ သွားလာတာ တော်တော်ခက်တယ်။ ခုဆို ရွာမှာ ပုန်းရှောင်ဖို့အတွက် အိမ်တိုင်းလိုလို ဗုံခိုကျင်းတွေ တူးထားကြတယ်” ဟု ရေးမြို့၊ မော့ကနင်ရွာခံတစ်ဦးက ပြောသည်။

ယခုသြဂုတ်လ ပထမအပတ်၌ ရေးမြို့နယ်အတွင်း တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄ လုံးခန့် ပျက်စီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအဖွဲ့တို့၏ လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် အင်အားကြီးသည့် တိုက်ပွဲ ဖြစ်လာနိုင်မည်ဟုလည်း ရေးဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ရက်အတိအကျ အချိန်အတိအကျကို မပြောနိုင်ပေမဲ့ ကျနော်တို့ဒေသခံတွေက အင်အားကြီးတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာဖို့ ရှိမယ်ဆိုတာ အခိုင်အမာ ပြောဆိုနေကြတယ်။ မော့ကနင် သံဖြူဇရပ်၊ မော့ကနင် ရေးဘက်မှာ အခု စစ်ကောင်စီအဖွဲ့တွေ စစ်မျက်နှာပြင် ဖွင့်နေတဲ့ပုံစံရယ် အင်အားတိုးချဲ့တဲ့ပုံစံ ကြည့်ခြင်းအားဖြင့်ပေါ့လေ” ဟု ၎င်းက ဆိုသည်။

ရေးမြို့နယ်အတွင်း နှစ်ကရင်၊ မော့ကနင်၊ နှင်းစုံနှင့် တိုးတက်ရွာသစ်တို့တွင် တစ်ရက်လျှင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားနေသည့်အပြင် မော့ကနင်အခြေစိုက် စစ်ကောင်စီတပ် ၃၁၇ မှ လက်နက်ကြီးအသုံးပြု ပစ်ခတ်မှု ပိုမိုလုပ်ဆောင်နေခြင်းကြောင့် လူထိခိုက်သေဆုံးမှု ရှိလာမည်ကို ဒေသခံတို့ စိုးရိမ်လျှက်ရှိနေကြသည်။

ယင်းအပြင် ရေး – သံဖြူဇရပ် အမှတ် (၈) လမ်းမကြီး၌ ညနေ ၆ နာရီမှ မနက် ၆ နာရီ အတွင်း မည်သည့်ယာဉ်မှ ဖြတ်သန်းခွင့် မပြုဟု သြဂုတ် ၅ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အထူးကြေညာချက် ထုတ်ပြန် ထားသည့်နောက် အဆိုပါနေ့ ည ၇ နာရီတွင် ဖြတ်သန်းသွားလာနေသည့် ကွန်တိန်နာယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ဇူလိုင်လ တတိယပတ်မှစ၍ စစ်ကောင်စီတပ်ဖွဲ့က ရေး – ထားဝယ် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် လက်ရှိတွင် မော့ကနင်လမ်းဝမှ ရေး- ထားဝယ် နယ်နိမိတ်အထိ အင်အားတိုးချဲ့ထားပြီး တော်လှန်ရေးပူပေါင်းတပ်တို့နှင့် နေ့စဉ်ပစ်ခတ်မှု ဖြစ်ပွားနေသည်ဟု သိရသည်။

IMNA ပေးပို့သည်။