ရေဖြူမြို့နယ်မှာ ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

By MPM 15 မတ်, 2023 👁

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ပြည်သူ့ကာကွယရေးတပ် (PDF) တွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲတဲ့ မတ် ၁၁ ရက်နေ့က ကလိန်အောင်မြို့ပေါ်မှာ ဖုန်းလာဝယ်တဲ့ ရေဖြူမြို့နယ် ဇင်းဘားကျေးရွာနဲ့ ကျောက်ရှပ်ကျေးရွာနေ အသက် ၁၈ နှစ်ဝန်ကျင်းအရွယ် မကေသီသီလင်းနဲ့ မသက်မြတ်နိုးတို့ ၂ ဦးတို့ကို ဖမ်းဆီးသွားခဲ့တာပါ။

ဒါ့အပြင် မတ် ၁၂ ရက်နေ့ကလည်း ဇာဒီကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဦးလားလားကို လက်နက်ကိုင်အ ဖွဲ့တစ်ခုက လာရောက်ရှင်းလင်းစဉ် ထွက်ပြေးလွတ်မြောက်ပြီးနောက် နေ့လည် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ဇာဒီကျေးရွာနေ မကြာသေးမီကမှ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကျန်းမာရေးမှူး ဦးအောင်မင်းနဲ့ ဒေါ်အောင်မင်း၊ ကိုအောင်ကျော်တို့ကို ဖမ်းဆီးသွားပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဟာ ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက်နေ မမိုးမြတ်နဒီထွေးနဲ့ မိကျောင်းလှောင်ကျေးရွာနေ ကိုကျော်သူထွေးအပါအဝင် မိသားစုဝင် ၄ ဦးတို့ကို ထပ်မံဖမ်းဆီးသွားတာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ဒေသခံတွေကို ကလိန်အောင်မြို့မရဲစခန်းနဲ့ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၄၁၀ စစ်ကြောရေးသို့ ပို့ဆောင်ထားပါတယ်။

ရေဖြူမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း စစ်ကောင်စီတပ်က ဒေသခံ ၂၀ နီးပါးကို ဖမ်းဆီးခဲ့သလို အဲဒီထဲက ပြန်လည်လွတ်မြောက်လာတဲ့သူတွေရှိပေမယ့် အများစုက ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းတဲ့ ကာလအတွင်း အရပ်သား ၂၀,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ မတ် ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။