တနင်္သာရီတိုင်း ရေဖြူမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုတို့ကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပြောဆိုမှုအရ သိရသည်။
ရေဖြူမြို့နယ်၊ ရေဖြူရပ်တော်မူဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်ကနေ တိုက်ပွဲမရှိဘဲ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က ကျခတ္တပင်အင်းကျေးရွာထဲကို လက်နက်ကြီး ၄ လုံးထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျခတ္တပင်အင်းကျေးရွာရှိ နေအိမ်တွင်ရှိနေသည့် အသက် ၅၀ ကျော်အရွယ် ဒေသခံဖြစ်သူဒေါ်ခင်ဝင်း၏ ဦးခေါင်း၊ ဆီးအိမ်နှင့် ပေါင်တွင် လက်နက်ကြီးကျည်စထိမှန်ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာပင်သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ပြင်ဝန်းကျေးရွာနှင့် ဘန်းလမွတ် ကျေးရွာများထဲ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တို့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တနင်္သာရီမြို့နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာချိန် တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် ပြင်ဝန်း၊ ဘန်းလမွတ်၊ အရှေ့မော်တုန်း၊ ထုံနွယ် စသည့် ကျေးရွာများက ဒေသခံ ၁၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။