27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းရေဖြူဒေသခံ လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

ရေဖြူဒေသခံ လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပယကျေးရွာနေ ဒေသခံလင်မယားနှစ်ဦးကို စစ်ကောင်စီတပ်က နေအိမ်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ပယကျေးရွာ ရှားကုန်းပိုင်းတွင်နေထိုင်သူ အသက် ၂၀ ကျော်အရွယ် ကိုအောင်ကိုသက်နှင့် ဇနီးဖြစ်သူတို့ကို နေအိမ်မှာပင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ဖမ်းဆီးခံလင်မယားနှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်ဆက်နွှယ်သူများဖြစ်သည်ဆိုသော စွပ်စွဲချက်နှင့် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

၎င်းတို့နှစ်ဦးကို စစ်ကောင်စီတပ်က ပယရွာစစ်ဆေးရေးဂိတ်တွင်ထားပြီး စစ်ဆေးမေးမြန်းလုပ်ဆောင်နေသလို ဖမ်းဆီးခံရစဉ် ခင်ပွန်းဖြစ်သူကို စစ်ကောင်စီတပ်က ရိုက်နှက်တာရှိနေသည်ဟု ဒေသခံတို့က ပြောကြသည်။

ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့က ပယရွာ၊ ရွှေမိုးညိုဘုရားအနီး တပ်စွဲထားသော စစ်ကောင်စီဂိတ်စခန်း ၃ ခု တပြိုင်နက်တည်း တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးသွားသည့်ဖြစ်ရပ်မှာ ဒေသခံများက သတင်းပေးလို့ဟုဆိုပြီး လိုက်လံဖမ်းဆီးနေခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ကလည်း ရေဖြူမြို့နယ် ကံပေါက်မြို့မှာ Non CDM ကျန်းမာရေးဝန်ထမ်းများအပါအဝင် ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က နေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးသွားပြီး နှစ်ပတ်ကျော်အကြာ ဇွန် ၁၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။