တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် စိန်ဘုံကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ၁ ဦးအပါအဝင် အရပ်သား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေါနစစ်ကြောင်းထံက သိရသည်။
ပြီးခဲ့သည့် မေ ၁ ရက်နေ့ ညနေ ၃ နာရီခန့်က တပ်ဖွဲ့အတွက်လိုအပ်သော ရိက္ခာများဝယ်ယူပြီး ကားနှင့် ပြန်လာသည့် PDF ရဲဘော်တစ်ဦးနှင့် ရွာသားနှစ်ဦးသည် စိန်ဘုံကျေးရွာ၌ စစ်ကောင်စီတပ် ကင်းပုန်းနှင့်ထိပ်တိုက် တိုးပြီး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးခံလိုက်ရသည့် PDF ရဲဘော်နှင့် အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က နေရာမှာပင် ပစ်သတ်ခဲ့ပြီး ၎င်းတို့ ၃ ဦးစီးနင်းလာသော ကားတစ်စီးကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း ဒေါနစစ်ကြောင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောဆိုသည်။
ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့် PDF ရဲဘော်သည် ဒေါနတပ်ခွဲ ၄ က ရဲဘော်ဖြစ်ပြီး ရွာသားနှစ်ဦးမှာ ရေဖြူမြို့နယ် ဘုရားသုံးဆူရွာသားများဖြစ်သည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွင် စိန်ဘုံရွာ ပြည်သူတို့၏ သတင်းပေးမှုကြောင့် PDF တပ်ဖွဲ့ဝင် သုံးဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး PDF တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
ရေဖြူမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ တတိယအပတ်ကစ၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဘက်ကလည်း အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေသည့်အတွက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေဆဲ ဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။