တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့်ကား ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ဇူလိုင် ၂၂ ရက်နေ့ ညနေ ၃ နာရီခန့်က အင်အား ၅ ဦး ဝန်းကျင်နှင့် ရေဖြူမြို့ပေါ် သွားလာနေသော စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားစနစ်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
တိုက်ခိုက်ချိန် ၁၅ မိနစ်နီးပါးကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၁ ဦး ထွက်ပြေးလွတ်မြောက်သည်ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံဖိုချောက ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီထံက MA3 သေနတ် လေးလက်၊ ကျည်အတောင့် ၄၀၀ နဲ့ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုတိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ဇူလိုင်လအတွင်း ရေဖြူ-ထားဝယ် လမ်းပိုင်း၌ အိမ်စီးကားနှင့် သွားလာနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့ကလည်း ရေဖြူမြို့နယ် မောရဝတီရေတပ်မှ ထွက်လာသော ရေတပ်အရာရှိနှင့် စရဖတို့ လိုက်ပါလာသည့်ကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးနှင့် တပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးခဲ့သပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။