ရေတာရှည်၊ မရိုးခုံရွာမှ နေအိမ်မီးရှို့ဖျက်ဆီးခံရသောဒေသခံများ အကူအညီလိုအပ်နေ

0
291
Photo - တောင်ငူ ပကဖတပ်ရင်း (၃၅၀၁)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မရိုးခုံရွာအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံလိုက်ရသည့် အိမ်ခြေ ၄၂ လုံးမှ ဒေသခံများ ရပ်တည်ရေးအခက်အခဲဖြစ်နေပြီး အကူအညီလိုအပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးအင်အားစုများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိခဲ့သဖြင့် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အိမ်ခြေ ၄၀၀ ကျော် ရှိသည့် မရိုးခုံရွာအတွင်း ပြန်လည်ဝင်ရောက်လာပြီး ရွာရှိနေအိမ်များအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၅၀၁) ဘက်က ပြောသည်။

“မီးရှို့ခံလိုက်ရတဲ့ နေအိမ်ပိုင်ရှင်တွေကတော့ လောလောဆယ် စစ်ရှောင်အနေနဲ့ပဲ ရှိနေတယ်။ ရွာထဲက သူများအိမ်မှာကပ်ပြီး နေသူနေပေါ့။ ကျနော်တို့အဖွဲ့က ကူနိုင်တာ စားနပ်ရိက္ခာအပိုင်းလောက်ပဲရှိတာ၊ ပြီးတော့ သူတို့ချည်း သီးသန့်မဟုတ်ဘူး၊ အခြားစစ်ရှောင်တွေလည်း ရှိသေးတာလေ” ဟု တပ်ရင်း (၃၅၀၁) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရဲဘော်နတ်မောက်က ပြောပါသည်။

မရိုးခုံရွာအနီးရှိ သနပ်ခုံကျေးရွာတွင်လည်း ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက နယ်မြေခံတော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးအနားကျေးရွာများသို့ စစ်ဘေးတိမ်းရှောင် နေရသော စုစုပေါင်းဒေသခံထောင်ချီသည် စားနပ်ရိက္ခာ၊ စောင်နှင့်ဆေးဝါးများ အဓိကလိုအပ်လျက်ရှိကြောင်း သိရသည်။

တပ်ရင်း (၃၅၀၁) ၏ တပ်ရင်းမှူး ရဲဘော်နောင်ရိုးက “ဒီဘက်က ကျွန်တော်တို့ပဲရှိတယ်။ စစ်ရှောင်ရော၊ စစ်ကြောင်းပါ ရုန်းကန်ရတယ်။ စစ်ကြောင်းကိုတော့ သက်ဆိုင်ရာ အဆင့်ဆင့် MOD က အကူအညီရှိပေမယိ့ လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။ စစ်ရှောင်ကလည်း တစ်ထောင်ကျော်ရှိတယ်။ အဓိကက ရိက္ခာ၊ ဆေးဝါးနဲ့ စောင်တွေလိုတာ၊ ကျနော်တို့ကတော့ ကိုယ်နိုင်သလောက် ကူညီပေးနေတယ်” ဟု ဆိုသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များက ဇန်နဝါရီ ၂ ရက်နေ့အထိ လုံးရမ်းရွာဘက်သို့ ဆက်လက် ချီတက်သွားသဖြင့် စစ်ရှောင်အချို့မှာ မိမိတို့နေအိမ်ပြန်နေကြကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၅၀၁) သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲလက်အောက်ရှိ တပ်ရင်းတစ်ခုဖြစ်ပြီး ၎င်းလက်အောက်မှ စစ်ကြောင်း၊ တပ်ခွဲများနှင့် စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားလျက်ရှိသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here