ရသေ့တောင်ကို စစ်တပ်က လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေ၊ ဒေသခံအချို့ နေရပ်စွန့်ခွာ

By MPM 24 စက်တင်ဘာ, 2026 👁 86

စစ်တွေမြို့နယ်အစပ်တွင် စစ်ရေးရှုံးနိမ့်နေသည့် အာဏာသိမ်းစစ်တပ်သည် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

(စက်တက်ဘာ ၂၀) ကလည်း မိုးစဲကျွန်းကမ်းဘက်ကို လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုများရှိပြီး (စက်တင်ဘာ ၂၁ ရက်) ၊ နေ့လည်ပိုင်းအထိလည်း ဆက်တိုက်ပစ်ခတ်နေကြောင်း သိရသည်။

စစ်တွေမြို့ စစ်တပ်အထိုင်စခန်းများနှင့် ရေတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ ဇီးကိုင်းနှင့် ညောင်ပင်လယ် ကျေးရွာဘက်တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိနေသည်။

“စစ်တွေတပ်ရင်းတွေက လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာ မြေကြီးတွေတောင် တုန်ခါတယ်။ ဒေသခံတချို့ကလည်း အသက်အန္တရာယ်စိုးရိမ်တာကြောင့် တိမ်းရှောင်သွားကြပြီ။ အနည်းစု လောက်ပဲ ကျန်နေတာ” ဟု ရသေ့တောင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

(စက်တင်ဘာ ၂၁) ကလည်း စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဇီးကိုင်းကျေးရွာတွင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။

လက်ရှိတွင် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြိုနယ်အစပ်တွင် စစ်တပ်နှင့်  အာရက္ခတပ်တော်တို့ ၁၅ ရက်ကြာအထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။

တိုက်ပွဲများအတွင်း အာရက္ခတပ်တော်က လက်နက်ခဲယမ်းအများပြားနှင့် အာဏာသိမ်း စစ်တပ်တပ်ဖွဲ့ဝင် အချို့လည်း ဖမ်းဆီးရမိသည့် အခြေအနေများလည်းရှိပြီး စစ်ရေးရှုံးနိမ့်နေသည့် စစ်တပ်သည် အရပ်သား နေထိုင်ရာ နေရာများကိုပါ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

ရသေ့တောင်မြို့နယ်သည် စစ်တွေနှင့် နယ်နိမိတ်ထိစပ်နေသဖြင့် လက်နက်ကြီး၊ လေကြောင်း၊ရေကြောင်း အန္တရာယ်ကြောင့် နေရပ်စွန့်ခွာသူများလည်း ရှိနေကြောင်း သိရသည်။

“တိုက်ပွဲစဖြစ်ကတည်း ဒီဘက်တွေကို မကြာမကြာ ပစ်တယ်။ ဒီရက်ပိုင်းက အများကြီး ပိုပစ်တာ။ ပစ်ခတ်သံတွေကြောင့် ညဘက်တွေဆို ကြောက်လို့ အိပ်လို့တောင် မရဘူး။ ဒီဖက်မှာက ရွာသားတွေ တိမ်းရှောင်နေသူတွေ ရှိသလို တချို့ကလည်း အခြေအနေ စောင့်ကြည့်နေကြတယ်” ဟု မိုးစဲကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မိုးစဲကျွန်းရှိ ဇီးကိုင်း၊ နှမ်းခမ်း၊ ဆားပြင်ကြီး၊ ပန်ဇင်းမော်၊ ဖြူချောင်းစသည့် ကျေးရွာတို့မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။

စစ်တပ်က ပုဏ္ဏားကျွန်း၊ ဝီရဌာနီ (ပေါက်တော)၊ ရသေ့တောင်မြို့နယ်တို့တွင် ရှိသည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို နေ့စဉ်လုပ်နေ၍ အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

DMG