ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထားပြီဟုဆိုသော်လည်း လက်ကျန် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် သေဆုံးသူများ၏ ရုပ်အလောင်းများကို ကောက်၍မရသေးဟု လားရှိုးဒေသခံများက ပြောသည်။
လားရှိုးဒေသခံတစ်ဦးက “အခုတော့ မြို့ထဲကို ရှော့တိုက်ဒုံးတွေတော့ တောက်လျှောက်ကျနေတယ်။ အဲ့ရပ်ကွက် ၁၂ ဘက်တွေမှာလေ ရှော့တိုက်ဒုံးတွေက တောက်လျှောက်ကျနေတယ်။ တချို့ ရှော့တိုက်ဒုံးထိလို့လေ ၃ ယောက်ထက်မနည်းတော့ လမ်းပေါ်မှာပေါ့ ထိထားတဲ့ဟာတွေရှိတယ်တဲ့ သူတို့ ဘာမှမလုပ်ရဲဘူးပေါ့ မလုပ်နိုင်ဘူးပေါ့လေ ဘာလို့ဆို အဲ့မှာက ဟိုဟာဖြစ်နေတော့ ကယ်မဲ့လူ ကူမဲ့လူတွေကလည်း မလုပ်နိုင်ဘူး ဆေးရုံဆေးခန်းပို့ဖို့လည်း မနိုင်ဘူးပေါ့” ဟု ပြောသည်။
လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ကို ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းက သိမ်းပိုက်ထားပြီဟု MNDAA က ထုတ်ပြန်ထားသည်။
သို့ရာတွင် လားရှိုးမြို့ရှိ ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ ရပ်ကွက် ၉ နှင့် ရပ်ကွက် ၁၂ တို့ဘက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု လားရှိုးဒေသခံများကဆိုသည်။
ထို့အပြင် ဇူလိုင်လ ၂၅ ရက်နေ့၊ ညနေပိုင်းအချိန်ထိလည်း လားရှိုးမြို့ပေါ် ရှိ ရပ်ကွက်များပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများရှိသည်ဟု လားရှိုးဒေသခံများက ပြောသည်။
MNDAA က စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အတွင်းသို့ ဝင်ရောက်သိမ်းပိုက်ထားသည် ဆိုသည်မှာ ဟုတ်မှန်သော်လည်း မြို့တစ်ခုလုံးအတိုင်းတာအနေဖြင့် အပြည့်စုံထိန်းချုပ်ထားနိုင်သည့် အနေအထားမျိုး မဟုတ်သေးဘဲ မြို့၏ ၇၀ ရာခိုင်နှုန်းခန့်ထိ နေရာဝင်ယူထားနိုင်ခြင်းမျိုးသာဖြစ်သည်ဟု အဆိုပါ လားရှိုးဒေသခံက ဆိုသည်။
လားရှိုးဒေသခံ အမျိုးသားတစ်ဦးက “ကိုးကန့်ကတော့ သူတို့ကတော့ ထုတ်ပြန်တာပေါ့နော်၊ ဒါပေမဲ့လည်း အဲ့တိုင်းစစ်ဌာနချုပ်နားမှာက တပ်တွေအများကြီး ကျန်သေးတယ်လေ။ အဲ့မှာ ၆၁၊ ၆၂၆ တို့ ထောက်ပို့တပ်လိုမျိုး ဆက်သွယ်ရေးတပ်တွေ ထောက်ပို့တပ်တွေ အများကြီးအများကြီး ကျန်သေးတယ်ပေါ့နော်။ သူတို့ အားအနည်းဆုံးလို့ယူဆတဲ့ တိုင်းစစ်ဌာနချုပ်ကို အရင်ဆုံးဝင်သွားတဲ့ သဘောမျိုးဖြစ်တယ်” ဟု ပြောသည်။
ဇူလိုင်လ ၂၅ ရက်နေ့ညပိုင်းအထိ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှု ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် ခက်ခဲနေသည်ဟု ဒေသခံများက ဆိုသည်။
ဇူလိုင်လဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတပ်တို့အကြားက တိုက်ပွဲများကြောင့် လားရှိုးမြို့က ဒေသခံများသည် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့မှာ အကြောင်းအမျိုးမျိုးကြောင့် မြို့ထဲတွင် ဆက်လက်နေထိုင်နေကြကြောင်း သိရသည်။
NMG ပေးပို့သည်။