ရပ်စောက်တွင် မုဒိမ်းကျင့်၊ လူသတ်မှုကျူးလွန်သူကို DPLA က သေဒဏ်စီရင်ခဲ့ကြောင်း ထုတ်ပြန်

By MPM 18 နိုဝင်ဘာ, 2026 👁 58

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာအုပ်စု လင်းလေအင်းကျေးရွာမှ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူကို ဓနုအမျိုးသားလွတ်မြောက်ရေးတပ်တော် (DPLA) က သေဒဏ်စီရင်ခဲ့ကြောင်း ပြီးခဲ့သည့် နိုင်ဝင်ဘာလ (၁၄) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ (၅) ရက်တွင် လင်းလေအင်းကျေးရွာမှ အသက် (၈) နှစ်အရွယ် ကျောင်းသူမိန်းကလေးငယ်တဦးသည် ကျောင်းဆင်းချိန် နေအိမ်သို့ပြန်လာစဉ် ပျောက်ဆုံးခဲ့သည်။

ထို့နောက် ဒေသခံများ ဝိုင်းဝန်းရှာဖွေခဲ့ရာ ကျေးရွာအပြင် သရက်တောတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်တပ်ဘက်မှ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးမှု မရှိခဲ့သဖြင့် DPLA တပ်ဖွဲ့က ကျူးလွန်သူကို လိုက်လံရှာဖွေခဲ့ရာ ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာအုပ်စု ရေပြန်ကျေးရွာနေ အသက် (၅၅) နှစ်အရွယ် ဦးမုံလာဆိုသူကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူ ဉီးမုံလာသည် DPLA တပ်ဖွဲ့ဝင်တဉီး၏ မေးမြန်းမှုအတွင်း ဗီဒီယိုမှတ်တမ်း၌ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

“ကျနော်လုပ်မိခဲ့တယ်၊ ကျနော်က အဲနေ့က အရက်သောက်နေခဲ့တယ်။ ကျောင်းဆင်းချိန်မှာ သရက်တောထဲ ကျောင်းသူကို ခေါ်သွားပြီး မိုးကာနဲ့ အုပ်ထားတယ်၊ မိန်းမပဲ့မှာ ဘောင်းဘီတို နှစ်ထည်ပါတယ် တထည်က ဟိုဘက်ခြံထဲကို လွှင့်ပစ်တယ်၊ တထည်ကို ပြန်ဝတ်ထားပေးတယ်၊ မိုးကာနဲ့ ပါးစပ်ကို ပိတ်ထားတယ်” ဟု ဦးမုံလာက ထွက်ဆိုခဲ့သည်။

ထို့နောက် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ်တဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့ပြီး သတ်ဖြတ်ခဲ့သည့် ဉီးမုံလာကို DPLA တပ်ဖွဲ့က ဖမ်းဆီးကာ သေဒဏ်စီရင်ခဲ့သည်ဟု ထုတ်ပြန်တွင် ဖော်ပြထားသည်။

“ကျူးလွန်သူက မူးယစ်ဆေးလည်းသုံးတယ်၊ သူ့ရွာမှာဆို သားသတ်တာတွေလုပ်တယ်၊ သူက ကလေးမကို မုဒိမ်းမှု ကျူးလွန်ခဲ့တယ်လို့ ဝန်ခံထားတယ်၊ အဲကြောင့် သေဒဏ်ပေးလိုက်ပြီ” ဟု DPLA တပ်ဖွဲ့ဝင် ရဲဘော်တဦးက ပြောသည်။

DPLA တပ်သည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် နေရာယူထားပြီး စစ်ကောင်စီတပ်နှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၀) ရက် ညတွင်လည်း ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးတပ်များနှင့် DPLA တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သျှမ်းသံတော်ဆင့်