ရန်ကုန်မြို့ MEC ဆိပ်ကမ်းရှိ လေယာဥ်ဆီ တင်ဆောင်လာသည့်သင်္ဘောကို YRF ဖောက်ခွဲတိုက်ခိုက်

By MPM 1 မတ်, 2024 👁

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့ MEC ဆိပ်ကမ်းတွင် လေယာဥ်ဆီတင်ဆောင်လာသည့် သင်္ဘောတစ်စီးကို ဖေဖော်ဝါရီ ၂၉ ရက်နေ့ ညပိုင်းက အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YRF) က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဥ်ဆီတင်သင်္ဘောကို YRF ၏ ရေငုပ်အထူးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေယာဥ်ဆီ တင်သွင်းလာသည့် သင်္ဘောဖြစ်ကြောင်း အတည်ပြုပြီးနောက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု NUG-MOD ဘက်က အတည်ပြုထုတ်ပြန်သည်။

YRF အနေဖြင့် ရန်ကုန်မြို့ MEC ထီးတန်း ဆိပ်ကမ်းသို့ အဆိုပါသင်္ဘော ဆိုက်ရောက်လာမည့်အကြောင်းကို ပြီးခဲ့သည့် ၂ ရက်အကြာကတည်းက သတင်းရရှိထားသဖြင့် တပ်ဖွဲ့မှ ရေငုပ်ကျွမ်းကျင်သော ရဲဘော်များဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး သင်္ဘောပေါ်ရှိ အငွေ့ကန်အနီး ချိန်ကိုက်မိုင်း တပ်ဆင်၍ ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းမီဒီယာများသို့ YRF ပြန်ကြားရေးတာဝန်ခံက ရှင်းပြပြောသည်။

ထို့အပြင် တိုက်ခိုက်မှုအတွင်း YRF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောဆိုသည်။

အလားတူ NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က “စစ်ကောင်စီက ပြည်သူလူထုကို ပြန်သတ်နေတာကို အားမပေးကြဖို့ စစ်ကောင်စီဆီ လေယာဥ်ဆီ တင်သွင်းနေတာကို ရပ်တန့်ကြဖို့ တောက်လျှောက်ကျနော်တို့ တောင်းဆိုခဲ့တယ်။ လေယာဥ်ဆီ သယ်ဆောင်လာတယ်ဆိုတာ ပြည်သူလူထုကို စစ်ကောင်စီက သတ်ဖြတ် နေတာမှာ တနည်းတဖုံနဲ့ ပတ်သက်နေတဲ့အတွက် ကျနော်တို့ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ရာဇဝတ်မှုများကို ရပ်တန့်ရန် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်၍ ကြိုးပမ်းဆောင်ရွက် မည်ဟုလည်း NUG ပြောခွင့်ရက ဆက်ပြောဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ လက်ရှိအချိန်ထိ တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားချိန်သာမက အရပ်သားပြည်သူပိုင်နေရာများပါ စစ်ကောင်စီက လေကြောင်းမှ အဓိက အားထား တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပြည်သူပိုင်အိုးအိမ်ပျက်စီးရမှုတို့ကြောင့် NUG အပါအဝင် တော်လှန်ရေး အင်အားစုများက စစ်ကောင်စီသို့ လေယာဥ်ဆီ တင်ပို့ရောင်းချမှုကို ရပ်တန့်ရန် နိုင်ငံတကာသို့ တောင်းဆိုနေကြ ခြင်းဖြစ်သည်။

ထို့အပြင် စစ်အာဏာသိမ်းယူထားသည် ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ စစ်တပ်က နိုင်ငံတစ်ဝှမ်းတွင် လေကြောင်းအသုံးပြု တိုက်ခိုက်မှု အကြိမ်ရေ ၁,၆၀၀ ကျော် လုပ်ဆောင်ခဲ့ရာတွင် ပြည်သူ ၁၀၀ နီးပါး သေဆုံး၍ ၈၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

KIC ပေးပို့သည်။