ရန်ကုန်မြို့လယ်ခေါင် အခွန်ရုံးအတွင်း ပေါက်ကွဲမှုဖြစ်ပွား ၆ ဦး ဒဏ်ရာရ

By MPM 5 ဇွန်, 2023 👁

ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်း၊ အခွန်းရုံးအတွင်း ဇွန်လ ၅ ရက် နေ့လယ် ၁၂ နာရီခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းများအပါအဝင် ၆ ဦး ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ရုံးတွင်း သတင်းအရင်းမြစ်များထံက သိရသည်။

“အခန်းအပြင် ထိုင်ခုံနားကနေ ပေါက်တာလို့ သိရပါတယ်။ ဝန်ထမ်း ၄ ဦးနဲ့ အပြင်ကလာတဲ့ အရပ်သား ၂ ဦး ဗုံးစ ထိမှန်ခဲ့လို့ ဆေးရုံပို့ထားရတယ်။ ဖြစ်စဉ်အကျဉ်းက ဒါပါပဲ။ ကျန်တာတော့ သက်ဆိုင်ရာက ဆက်ဆောင် ရွက်နေတုန်း” ဟု ရုံးတွင်း သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းပေါက်ကွဲမှုသည် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး (၃) သုံးလွှာက ကုမ္ပဏီများဆိုင်ရာ အခွန်ဌာန၊ ဧည့်သည်များထိုင်ရန် ထားရှိသည့် သံထိုင်ခုံအနီးမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် အတည်ပြု ရေးသားဖော်ပြထားပြီး ဒုတိယဦးစီးမှူး အမျိုးသမီး ၁ ဦးနှင့် ဝန်ထမ်း ၃ ဦး၊ ရုံးသို့လာရောက်သည့် အမျိုးသမီး ၂ ဦး မိုင်းစ ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရေးသားထားကသည်ကို တွေ့ရသည်။

ယင်းသို့ပေါက်ကွဲမှုဖြစ်အပြီး အခွန်ရုံးကို ပိတ်ထားလိုက်ပြီး ရုံးအတွင်း စစ်ကောင်စီ လက်အောက်ခံများက လာရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ရုံးအတွင်း ဝန်ထမ်းများအား မေးမြန်းမှုများ၊ ဖုန်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်များ လုံခြုံရေးလှည့်ကားများဖြင့် ရောက်ရှိလာပြီး အခွန်ရုံးအနီးတစ်ဝိုက် လုံခြုံရေးတိုးမြှင့်ယူကာ စစ်မေး မှုများပြုလုပ်နေကြောင်း အနီးပတ်ဝန်းကျင် နေထိုင်သူတစ်ချို့ထံက သိရှိရသည်။

အခွန်ရုံးအနီး ဒေသခံတစ်ဦးက “အရပ်ဝတ်နဲ့ရော ယူနီဖောင်းအပြည့်အစုံနဲ့ရော ၁၅ မိနစ်လောက်နေတော့ တန်းရောက်လာကြတာ။ အရင် တစ်ခေါက်ကတော့ ပုဇွန်တောင် အကောက်ခွန်ရုံးရှေ့မှာ ဗုံးပဲတွေ့ခဲ့တာ။ အခုကတော့ ထိထိမိမိ ရုံးခန်းထဲ ပေါက်တာပဲ။ ဆေးရုံကားတွေလဲ တွေ့လိုက်ရတယ်” ဟု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြောပြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အတွင်း ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်လေ့ရှိပြီး ပြီးခဲ့သည့် မတ်လပိုင်းကလည်း ပုဇွန်တောင်မြို့နယ်၊ ၄၉ လမ်းနှင့် မဟာဗန္ဓုလလမ်းထိပ်ရှိ အကောက်ခွန်ရုံးရှေ့တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးတွေ့ရှိမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

နိရဉ္စရာ – ပေးပို့သည်