ရခိုင်-ဧရာ၀တီ ဆက်စပ်ကမ်းခြေများအား စစ်အုပ်စု ရေတပ်မှ လက်နက်ကြီးများ ပစ်ခတ်၊ အမျိုးသမီး ၄ ဦး အပါအဝင် ၆ ဦးဒဏ်ရာရ

By MPM 8 ဇူလိုင်, 2026 👁 79

ရခိုင်နှင့် ဧရာ၀တီတိုင်း ဆက်စပ်ကမ်းခြေများကို အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ရေတပ်မှ လက်နက်ကြီးများဖြင့် အချက် ၉၀ နီးပါးခန့် ပစ်ခတ် အမျိုးသမီး ၄ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိသွားကြောင်း အာရက္ခတပ်တော် (AA) မှ သတင်းထုတ်ပြန်သည်။

ဒဏ်ရာရရှိသွားသူများမှာ ဂွမြို့နယ်၊ ကျိန္တလီမြို့ အမှတ် (၃) ရပ်ကွက်မှ ဒေါ်မထား (၄၅ နှစ်)၊ ဒေါ်သန်းမေ (၇၄ နှစ်)၊ မရတနာထွန်း (၅ နှစ်)၊ ဦးညိုထွန်း (၄၈ နှစ်)၊ မသင်းသီရိထွန်း (၁၇ နှစ်) နှင့် ဒေါ်မိဝိုင်း (၅၀ နှစ်) တို့ဖြစ်ကြသည်။

စစ်အုပ်စုလက်အောက်ခံ ရေတပ်မှ စစ်သင်္ဘော (၄) စီးပေါ်မှ မရပ်မနား အစုန်အဆန်လှည့်ပတ်ပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် နံနက် (၇) နာရီ (၄) မိနစ်ခန့်အချိန်မှစ၍ နေ့လယ် (၁၂) နာရီ (၄၅) မိနစ်အချိန်အထိ ရခိုင်ပြည်၊ဂွကမ်းခြေ နှင့် ဧရာဝတီတိုင်း ဘောမိကမ်းခြေ တစ်လျှောက်ကို လက်နက်ကြီး အကြိမ်အရေအတွက် (၈၇) ကြိမ်ခန့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်အချို့ မှာ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့၊ ည (၁၀) နာရီကျော်နှင့် (၁၁) နာရီခွဲ ခန့်အချိန်တို့တွင်လည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂွမြို့နယ်အား ဂျက်ဖိုက်တာ (၂) စီးဖြင့် နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ရက္ခိုင်-ဧရာဝတီ အစပ် တိုက်ပွဲများတွင် စခန်းကုန်းများ တစ်ခုပြီးတစ်ခု လက်လွှတ်ရခြင်း၊ အထိအခိုက်အကျအဆုံးများနှင့် နေ့စဉ်ရက်ဆက်ရင်ဆိုင်နေရသော အာဏာသိမ်းစစ်တပ်သည် ဂွမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်းမှ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲခြင်း၊ ရေကြောင်းမှ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို တောက်လျှောက်ပြုလုပ်ကာ အကြမ်းဖက်မှုများကို ကျူးလွန်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိရဉ္စရာ