ရခိုင်-မကွေးကြားမှ ရိုးမပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို အဓိကထိုးစစ်ဆင်ရာတွင် ထောက်ကူပေးနေသည့် နောက်တန်းအခြေစိုက် စခန်းတစ်ခုဖြစ်သည့် ငဖဲမြို့နယ်ထဲက ဆုံကုန်းအမြောက်တပ်မစခ (၉၀၅) ကို အာဏာသိမ်းစစ်တပ်မှနောက်ထပ်အင်အား ၃၀၀ ခန့် ထပ်မံအင်အားဖြည့်တင်းလာခဲ့ကြောင်း သတင်း ရရှိသည်။
သက်ရှိသင်္ချိုင်းဟုတင်စားလေ့ရှိသော နတ်ရေကန်သို့ ထိုးစစ်ဆင်ရာတွင် အာဏာသိမ်းစစ်တပ်မှ အကျအဆုံးများနေသဖြင့် ပြုန်းတီးအင်အားများနေ၍ ဖြည့်တင်းပုံရသည့်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် စစ်ရေးရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။
“ ဒီလ ၉ ရက်နေ့ ည ၅ နာရီလောက်မှာ ကားကြီး ၁၀ စီး ကားငယ် ၂ စီးနဲ့ ဆုံကုန်း အမြောက်တပ်ကို အင်အားထပ်ဖြည့်တာကို တွေ့ရတယ်။ ခန့်မှန်းအင်အားက အနည်းဆုံး ၃၀၀ ကျော်လောက်ရှိနိုင်တယ်” ဟုပြောသည်။
ငဖဲမြို့မြို့နယ်အပိုင်၊ ပဒါန်းမြို့အနီးရှိ မစခ (၉၀၅) ဆုံကုန်းအမြောက်တပ်တွင် ထပ်မံပြီးအင်အားဖြည့်တင်းလာသဖြင့် နတ်ရေကန်ဗျူဟာကုန်းကို စစ်ကြောင်းထိုးရန် ရည်ရွယ်ပုံရသည် တစ်ခြားစစ်ရေးရင်းမြစ်တခုကလည်း နိရဉ္စရာကို ပြောသည်။
“ လက်ရှိအချိန်ထိတော့ စစ်တပ်က နတ်ရေကန်ကို ရောက်ဖို့ထား။ ဂုတ်ကြီးနဲ့ ပဇီရွာတွေကို မကျော်နိုင်သေးဘူး။ အကျအဆုံးများပြီး စစ်ကြောင်းထိုးလိုက် နောက်ဆုတ်လိုက်ဖြစ်နေတယ်။ အခု အင်အားဖြည့်တာကလည်း ဂုတ်ကြီးနဲ့ ပဇီကိုကျော်ပြီး နတ်ရေကန်ဗျူဟာကို ထိုးစစ်ဆင်ဖို့ကြိုးစားနေတာ။ ဒါပေမယ့် ထင်သလောက်တော့ မလွယ်နိုင်သေးဘူး” ဟု ပြောသည်။
နတ်ရေကန် စစ်မျက်နှာတွင်တပ်မ (၈၈)၊ တပ်မ (၉၉) တို့ အထိနာသွားခဲ့သည့်အတွက် ၎င်းတပ်မများကို နောက်ဆုတ်ကာ အခုလက်ရှိ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ စကခ (၁၇) တပ်များဖြင့် အခြေပြုပြီး အာရက္ခတပ်တော်နှင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
နတ်ရေကန်ဒေသသည် မြန်မာစစ်မျက်နှာများအထဲတွင် စစ်ရေးအရ အထင်ရှားဆုံး စစ်မျက်နှာမှာတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်နှောင်းပိုင်းကစတင်ပြီး စစ်မက်ပြင်းထန်ခဲ့သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုထားသည်။
၎င်းပြင်နတ်ရေကန်ကို စစ်သားများပို့ခံရပြီဆိုလျှင် ရှင်လျက်နှင့် သေနေရသလိုဘဝမျိုးကိုရောက်သွားခဲ့ခြင်းကြောင့် “ပို့မယ်ဆိုတာနှင့်ပြေး၊ ရောက်ပြီဆိုတာနှင့်ပြေး၊ လစ်ပြီဆိုတာနှင့်ပြေးကြရခြင်း” တို့ကြောင့် နတ်ရေကန်ကို အကြမ်းဖက်စစ်တပ်လောကတွင် သက်ရှိသင်္ချိုင်းဆိုပြီး တင်စားလေ့ရှိပါသည်ဟု ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
နိရဉ္စရာ