ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီး မမိုးဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်ခံရ

By MPM 7 ဇူလိုင်, 2026 👁 56

ထောင်ဒဏ် ၆ နှစ်ကျခံပြီး လွတ်မြောက်လာတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ သမီးဖြစ်သူ မမိုးဆန်းစုကြည်ကို အာဏာသိမ်းစစ်အုပ်စုက ထပ်မံဖမ်းဆီးပြီးနောက် နောက်ထပ် ထောင် (၅) နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

သူမကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် တရားရုံးက မနေ့က ဇူလိုင် ၆ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မမိုးဆန်းစုကြည်ဟာနိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-(က)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပြီး၊ ၂၀၂၅ ခုနှစ်၊ သြဂုတ်လကတည်းက လွတ်ရက်စေ့ခဲ့ပေမဲ့လည်း စစ်အုပ်စုက သူမကို မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

အဲသလိုထိန်းသိမ်းထားပြီးနောက် ဒီနှစ်ဇူလိုင် ၆ ရက်နေ့မှာ မတရားသဖြင့်ထပ်မံထောင်ဒဏ် (၅) နှစ် ထပ်မံချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မမိုးဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်နေ့ကတည်းက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ တိုက်ခန်းတစ်ခုမှာဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးပြီး ၂ နှစ်အကြာ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာတော့ ရန်ကုန်အင်းစိန်ထောင်ကနေ သာယာ၀တီ အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။

သူမဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်တာဝန်ခံတဦး ဖြစ်ပါတယ်။

သူမရဲ့ ဖခင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုလည်း စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပြီး ဒီကနေ့ထိ လွတ်မြောက်လာတာမရှိသေးဘူးလို့ သိရပါတယ်။

နိရဉ္စရာ