ရခိုင်တွင် မိုင်းထိလူနာများ ဆေးကုသရေးနှင့် မိသားစုဝင်များစားသောက်ရေး အခက်ခဲကြုံနေကြရ

By MPM 9 မေ, 2025 👁

ရခိုင်ဒေသတွင် လက်ရှိအချိန်ထိ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်တို့ကြောင့် သေဆုံးဒဏ်ရာရရှိသူ ၇၁ ဦးထိရှိပြီး ယင်းတို့ထဲက လူနာအချို့သည် ဆေးကုသရန်နှင့် ၎င်းတို့မိသားစုဝင်များ၏ စားဝတ်နေရေးတွင် အခက်အခဲများစွာ ကြုံနေရကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် ရခိုင်ပြည်အနှံ့ နေရပ်သို့ပြန်လာကြသည့် ဒေသခံများသည် စစ်ကျန်မိုင်းအန္တရာယ်ကို ရင်ဆိုင်နေကြရပြီး မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသွားသည့် လူနာများမှာ နောက်ဆက်တွဲ ဆေးကုသမှုခံယူရာတွင် ငွေကြေးအခက်အခဲများရှိနေသည်ဟု ပြောသည်။

ရခိုင်တွင် အလုပ်အကိုင်၊ ဝင်ငွေရှားပါးခြင်းကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများသည် ဟင်းရှာ၊ ထင်းခုတ်သွားကြချိန်တွင် စစ်ကျန်မိုင်းနင်းမိပေါက်ကွဲတာကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုများရှိပြီး ဆေးဝါးကုသရန်သာမက မိသားစုစားဝတ်နေရေးအတွက်လည်း အခက်အခဲများ ရင်ဆိုင်နေကြရသည်ဟု သိရသည်။

“စားသောက်ဖို့မရှိလို့ ဟင်းရှာ၊ထင်းခုတ်သွားတာ မိုင်းပေါက်ပြီး ထိခိုက်ဒဏ်ရာရတော့ အခက်အခဲဖြစ်ကြတာပေါ့ဗျာ။ ဒေသတွင်း ကျနော်တို့လူမှုကူညီရေးလုပ်တဲ့သူတွေက တစွန်းတစကူညီပေးပေမဲ့ ဆေးကုသဖို့ရော၊ မိသားစုစားဝတ်နေရေးအတွက်ပါ သူတို့မှာ လိုအပ်ချက်တွေ အခက်အခဲတွေ တပုံကြီးရှိနေကြတာ” ဟု လူမှုကူညီရေးလုပ်နေသူ တောက်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ယနေ့အချိန်ထိ တောင်ကုတ်မြို့နယ်တွင် မိုင်းထိ၍ ဒဏ်ရာရသူ ၁၉ ဦးအထိရှိနေပြီး ဒေသခံအများစုသည် တိုက်ပွဲဖြစ်နေရာနှင့် စစ်ကောင်စီတပ်ရင်း၊ တပ်မများအနီးသို့ ထင်းခုတ်၊ ဟင်းရှာသွားချိန် မိုင်ထိခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။

ဂွမြို့နယ်မှ လူမှုကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက “ဂွဘက်မှာတော့ HDCO နဲ့ အရပ်ဖက်အဖွဲ့အစည်းကတော့ ကူညီပေးကြပါတယ်။ အခု ကုသဆဲလူနာတွေလည်း ရှိတယ်။ အခက်အခဲတွေကတော့ ရှိနေတုန်းပါ” ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့သည့် နေရာများနှင့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည့် နေရာများတွင် စစ်ဘေးရှောင်များ ပြန်လည်ဝင်ရောက်နေထိုင်ရာတွင် မိုင်းပေါက်ကွဲမှုများ ဆက်တိုက်ရှိနေသည်။

ယင်းအပြင် မိုင်းပေါက်ကွဲမှုကြောင့် ဆေးဝါးကုသရာတွင် အခက်အခဲအမျိုးမျိုးကြောင့် အသက်သေဆုံးခဲ့ရသူများလည်းရှိကြောင်း သိရသည်။

“ကျနော်တို့ ရွှေဇားရွာမှာ ကလေးတစ်ယောက် အိမ်ထဲမှာ မိုင်းနင်းမိတယ်။ သူ့ကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆေးကုသဖို့ဆိုပြီး သွားကြတယ်။ အဲဒီမှာ မသွားလိုက်ရဘဲ ပြန်လာရတယ်။ ဆေးလည်းမကုရဘဲ ပြန်လာရတော့ ကလေးက အသက်မရှင်လိုက်ဘူး” ဟု မောင်တောမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်တွင် အာရက္ခတပ်တော်က မြို့နယ် ၁၄ ခု အထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မိုင်းရှင်းလင်းရေးများလုပ်ကာ ဒေသခံများ နေရပ်ပြန်နိုင်ရေးနှင့် နေရာချထားရေးတို့ကို ဆောက်ရွက်လျှက်ရှိသော်လည်း ဒေသခံများမှာ မိုင်းအန္တရာယ်ကို ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။

မှတ်တမ်းပြုကောက်ယူထားသည့် စာရင်းများအရ ရခိုင်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ မေ ၉ ရက်အထိ မြို့နယ်အနှံ့တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် ကလေးသူငယ်များအပါအဝင် သေဆုံးဒဏ်ရာရသူ ၇၁ ဦးအထိ ရှိလာနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။