23 ဧပြီ 2025 /

See today's Peace Related News

သတင်းရခိုင်တွင် တိုက်ပွဲကာလ စစ်ကောင်စီတပ်စွဲခဲ့မှုကြောင့် ဘုရားပုထိုးစေတီများ ပျက်စီးယိုယွင်း

ရခိုင်တွင် တိုက်ပွဲကာလ စစ်ကောင်စီတပ်စွဲခဲ့မှုကြောင့် ဘုရားပုထိုးစေတီများ ပျက်စီးယိုယွင်း

ရခိုင်ပြည်တွင် မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ တပ်စွဲခဲ့မှုကြောင့် ဘုရားပုထိုးစေတီ အများအပြား ပျက်စီးယိုယွင်းသွားခဲ့ရသည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။

ရခိုင်ရှိ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားတောင်ကုန်းအပါအဝင် ဘုရားပုထိုးစေတီများတွင် စစ်ကောင်စီက ကတုတ်ကျင်းများတူးခဲ့ခြင်း၊ ဘန်ကာများ တည်ဆောက်ခဲ့ခြင်း၊ ဆက်သွယ်ရေးမြောင်းများတူးခဲ့ခြင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားသာသနိကအဆောက်အအုံများတွင် စစ်ကြောင်းထိုး တပ်စွဲမှုတို့ကို တောက်လျှောက်ပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ထိုသို့ စစ်ရေးအသုံးချမှုများကြောင့် ဘုရားပုထိုးစေတီနေရာများတွင် ပျက်စီးယိုယွင်းမှု အများအပြားရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “စစ်ကောင်စီက တိုက်ပွဲကာလရော၊ တိုက်ပွဲမဖြစ်ခင်ကာလကရော ဘုရားပုထိုးနဲ့ သာသနိကအဆောက်အအုံတွေမှာ တပ်စွဲတာတွေရှိခဲ့တယ်။ တပ်စွဲတော့ ကတုတ်ကျင်းတူးတာတွေ၊ ဘန်ကာဆောက်တာတွေလုပ်တော့ ပျက်စီးကျန်ခဲ့တာတွေရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည် လွတ်မြောက်မြို့နယ်တစ်ခုရှိ သမိုင်းဝင်စေတီတော်တစ်ဆူကိန်းဝပ်ရာ တောင်ထိပ်တစ်ခုပေါ်တွင် စစ်ကောင်စီတပ်က တပ်စွဲခဲ့သည့်အတွက် စေတီတော်ပရိဝုဏ်အတွင်း ပျက်စီးသွားခဲ့ပြီး စေတီတော်ပြိုကျနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စေတီတော်အောက်ခြေမှာ ပတ်ပတ်လည်ကတုတ်ကျင်းတွေ တူးထားခဲ့တာ။ အဲဒါ မိုးတွင်းကမိုးရွာတော့ ရေတွေစိမ့်ဝင်တာများပြီး စေတီတော် ပြိုကျနိုင်တဲ့ အနေအထားဖြစ်နေတယ်” ဟု အဆိုပါ ဂေါပကအဖွဲ့ဝင်က ပြောသည်။

ယင်းသို့ စေတီတော်ပြိုကျနိုင်သည့်အန္တရာယ်ရှိနေ၍ ဂေါပကအဖွဲ့က အလှူငွေများကောက်ခံကာ ပြန်လည်ပြုပြင်မွမ်းမံရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါစေတီတော်တည်ရှိရာ တောင်ပေါ်တွင်တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့သိမ်းတိုက်ပွဲကာလအတွင်း ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ လူသေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သလို နေအိမ်များလည်း ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်စွဲနေရာယူခဲ့သည့် ဘုရားပုထိုးစေတီများအား အာရက္ခတပ်တော် (AA) က မိုင်းရှင်းလင်းကာ ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်းများကို ပြုလုပ်နေကြသည်ဟုလည်း နောက်ထပ်လွတ်မြောက်မြို့နယ်တစ်ခုမှ ဒေသခံတစ်ဦးက ပြောသည်။

“AA တပ်တော်ဘက်ကတော့ ဘုရားပုထိုးတွေကို စစ်ရေးအသုံးပြုတာ မရှိဘူး။ စစ်ကောင်စီတပ်စွဲခဲ့တုန်းက ပျက်စီးသွားတာတွေကို ပြန်မွမ်းမံတာမျိုးတော့ ရှိတယ်” ဟု ပြောသည်။

“သဇင်ပန်းခိုင်တမြိုင်မြိုင် ၊ ရခိုင်ဘုရားပေါင်း” ဟု ဆိုရိုးတဘောင်အတိုင်း ရခိုင်ဒေသသည် ရှေးဟောင်း အမွေအနှစ် သမိုင်းဝင်ဘုရားပုထိုးစေတီပေါများရာဒေသဖြစ်ပြီး ဘုရားဖူးခရီးသွားလုပ်ငန်းဖြင့် ပြည်တွင်းနှင့် နိုင်ငံခြားဝင်ငွေရှာဖွေနိုင်သော ဒေသတစ်ခုဖြစ်သည်။

စစ်ကောင်စီတပ်သည် ရခိုင်ရှိ အထင်ကရသမိုင်းဝင် ဘုရားပုထိုးစေတီများတွင် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် AA နှင့် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှစတင်ကာ တပ်စွဲနေရာယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။