23 ဧပြီ 2025 /

See today's Peace Related News

သတင်းရခိုင်တွင် စစ်ကျန်လက်နက်များပေါက်ကွဲပြီး နှစ်ပတ်အတွင်း အရပ်သား ၇ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရ

ရခိုင်တွင် စစ်ကျန်လက်နက်များပေါက်ကွဲပြီး နှစ်ပတ်အတွင်း အရပ်သား ၇ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရ


ရခိုင်ပြည်တွင် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် နှစ်ပတ်အတွင်း အရပ်သား ၇ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကောက်ယူမှတ်တမ်းပြုစုထားသည့် စစ်တမ်းအချက်အလက်များအရ သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်လက်ကျန် ဗုံးသီးများနှင့် မြေမြှုပ်မိုင်းများ ပေါက်ကွဲမှုကြောင့် ထိုသို့ ထိခိုက်သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

သေဆုံးသူများမှာ ပေါက်တော၊ မောင်တော၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့မှဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ပေါက်တော၊ တောင်ကုတ်နှင့် မောင်တောမြို့နယ်တို့မှ ဖြစ်ကြသည်။

သေဆုံး၊ ဒဏ်ရာရသူများတွင် အသက်မပြည့်သည့် ကလေးငယ်များနှင့် အမျိုးသမီးများလည်း ပါဝင်သည်ကို တွေ့ရသည်။

ထို့သို့ စစ်လက်ကျန်လက်နက်များ ပေါက်ကွဲမှုမြင့်တက်ပြီး ထိခိုက်သေဆုံးမှု များပြားလာသည့်အတွက် ဒေသခံများအနေဖြင့် သတိထားသွားလာနေထိုင်ကြရန် လိုအပ်သည်ဟု ပေါက်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်က ပြောသည်။

“စစ်ပွဲကာလဟာ မပြီးဆုံးတဲ့ကာလ ဖြစ်တယ်။ ပေါက်တောမြို့နယ်ဘက်မှာလည်း အသိပညာနည်းတယ် ပေါ့နော်။ ဗုံးလက်ကျန် ယူခဲ့တယ်၊ ထုခွဲကြည့်တယ်။ ဒါလိုတွေ ရှိကြတယ်ပေါ့နော်။ သို့သော် စစ်ပွဲမပြီးဆုံးတဲ့ ကာလမှာ ဒီလိုကိစ္စတွေအများကြီး ဖြစ်နေမယ်။ ဒါကြောင့် အာရက္ခပြည်သူ့အစိုးရက အသိပညာပေးတွေ အများကြီးလုပ်ဖို့ လိုအပ်တယ်” ဟု ဦးတက်ထွန်းအောင်က ပြောသည်။

ပေါက်တောမြို့နယ်၊ ဂြင်းဒွေကျေးရွာမှ လူငယ်တစ်ဦးသည် ၎င်းကောက်ယူရရှိလာသည့် စစ်လက်ကျန်ဗုံးသီး တစ်လုံးကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ညနေပိုင်းတွင် သူငယ်ချင်းတစ်စုဖြင့် စမ်းသပ်ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ လူငယ်သုံးဦးသေဆုံးပြီး လူငယ်သုံးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ရခိုင်ပြည်တွင် စစ်ကျန်လက်နက်များပေါက်ကွဲမှုများ မြင့်တက်လာနေ၍ သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး ရှင်းလင်းပေးရန်လည်း ဒေသခံများက တောင်းဆိုလျက်ရှိသည်။

တစ်ဘက်တွင်လည်း AA သိမ်းပိုက်ရရှိထားသည့် မြို့နယ်များတွင် AA က အဆိုပါစစ်ကျန်လက်နက်များကို အင်တိုက်အားတိုက် ရှင်းလင်းပေးလျက်ရှိဟု ရခိုင်ဒေသခံတို့က ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။