ရခိုင်ပြည်မှ မြို့နယ်တချို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လက်နက်၊ လူအင်အားနှင့် ရိက္ခာ ဖြည့်တင်းမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိ၌ ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား ယာယီအပစ်ခတ် ရပ်ထားသော်လည်း ရခိုင်မှ မြို့နယ်တချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီက လက်နက်၊ လူအင်အားနှင့် ရိက္ခာများ ဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်က မြေပုံမြို့နယ်၊ စညှင်းကျေးရွာရှိ တောင်ပေါ်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သည် ရိက္ခာဖြည့်တင်းနေပြီး တောင်ခြေတွင်လည်း ဆန်ရိက္ခာ သိုလှောင်ရန်အတွက် ယာယီအမိုးအကာများ ဆောက်လုပ်ထားကြောင်း စညှင်းရွာဒေသခံတစ်ဦးက ပြောသည်။
“သူတို့စခန်းချနေတဲ့ တောင်ပေါ်ကို ဆန်တွေတင်တယ်။ ယာယီတဲနှစ်ဆောင်လည်း ရိက္ခာတွေထားဖို့အတွက် ဆောက်ထားတယ်။ စစ်သားအင်အားကတော့ ပုံမှန်အတိုင်းပဲ။ ၁၀၀ ကျော်လောက် ရှိတယ်။ ရိက္ခာကတော့ ဒီလမှာ ပိုတိုးသွားတာ။ အရင်ကတော့ ပုံမှန်အတိုင်းပဲ တင်တာ။ ရိက္ခာသိုလှောင်နေတဲ့ပုံစံ မြင်ရတယ်” ဟု ပြောသည်။
ထို့အပြင် အောက်တိုဘာလ ၁၄ ရက်ကလည်း ကျောက်တော်မြို့နယ်ဘက်သို့ စစ်ကောင်စီတပ်က စစ်ကားများ၊ Navy စစ်ရေယာဉ်များဖြင့် ရိက္ခာများသယ်ပို့မှု ပြုလုပ်နေကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
“စစ်ကားတွေနဲ့ ပို့နေတာတွေတော့ ရှိတယ်။ ဒါပေမယ့် သိပ်ပေါ်ပေါ်ထင်ထင်ကြီးတော့ မဟုတ်ဘူး။ သူတို့နည်းဟန်နဲ့ ပို့နေကြတာ” ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၁၆ ရက်တွင်လည်း စစ်ကောင်စီ Navy ရေယာဉ်နှစ်စီးသည် ကျောက်တော်မြို့မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်သို့ ရိက္ခာများ၊ စစ်အင်အားများ ဖြည့်တင်းရန်အတွက် ထွက်ခွာမည့်အပြင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာတွင်လည်း Navy စစ်ရေယာဉ်တစ်စီး ကမ်းကပ်ရန် ပြင်ဆင်နေမှုများကို တွေ့မြင်နေရကြောင်း ဒေသခံများက ပြောကြသည်။
ရခိုင်မှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် မြေပုံ အစရှိသည့် မြို့နယ်များတွင် စစ်ကောင်စီက စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်နေကြောင်း နိုင်ငံရေးအခြေအနေ စောင့်ကြည့်လေ့လာနေသည့် ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့နှင့် အောက်တိုဘာလ ၉ ရက်နေ့ တို့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ရက္ခိုင့်တပ်တော် စခန်းတစ်ခုကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် AA မှ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားခဲ့ပြီး တပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ဖော် ပြောဆိုထားသည်။
မြန်မာစစ်တပ်က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တပ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်သည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်လာပါက ရခိုင်တွင် တိုက်ပွဲများ ပြန်ဖြစ်သည့်အဆင့်ကို ရောက်သွားနိုင်ကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။
လက်ရှိတွင် AA နှင့် မြန်မာစစ်တပ်တို့ အပစ်ရပ်ထားသည်မှာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ငြိမ်းချမ်းနေသည့် အခြေအနေမှာ ပြောင်းလဲနိုင်ချေ ရှိသည်ဟု ဆိုကြသည်။
မြန်မာစစ်တပ်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၌ ရက္ခိုင့်တပ်တော်၏ တပ်စခန်းတစ်ခုကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးပြီး အများအပြားဒဏ်ရာ ရသွားခဲ့ရသေးသည်။
ယင်းနောက်ပိုင်းတွင် စစ်ကောင်စီနှင့် AA တို့ စစ်ရေးအခြေအနေ တင်းမာလာခဲ့ပြီး တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နိရဉ္စရာ ပေးပို့သည်။