ရခိုင်စစ်ဘေးရှောင်များအတွက် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဂျပန်) ငွေကျပ်သိန်း ၂၀၀ လှူဒါန်း

By MPM 23 စက်တင်ဘာ, 2024 👁

ရခိုင်စစ်ဘေးရှောင်များအတွက် လိုအပ်သည့်ဆေးဝါးများ ဝယ်ယူရန် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဂျပန်) က ငွေကျပ်သိန်း ၂၀၀ ကို အာရက္ခတပ်တော် (AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရုံး (HDCO) မှတဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဂျပန်) ANDP ဥက္ကဋ္ဌကိုထွန်းထွန်းဦးက “ဆေးဝါးကိုဝယ်ယူနိုင်ဖို့ အဓိကထားပြီး လှူဒါန်းတာပါ။ ရခိုင်ကစစ်ဘေးရှောင်တွေမှာ ဆေးဝါးအကူအညီတွေ လိုနေတဲ့သတင်းတွေ တွေ့နေရတော့ စိတ်မကောင်းဘူး။ တချို့နေရာတွေမှာ အရေပြားရောဂါတွေ၊ ဝမ်းလျှောရောဂါတွေ ဖြစ်နေတာတွေမြင်နေရတော့ ဒီလိုဆေးဝါးအတွက် အဓိကထားလှူဖြစ်တာပါ” ဟု ပြောသည်။

ရခိုင်ပြည်ရှိ မင်းပြား၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ကလေးများအပါအဝင် စစ်ဘေးရှောင်ရာနှင့်ချီ အရေပြားရောဂါနှင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါအလှူငွေများသည် ဂျပန်ရောက်အာရက္ခပြည်သူများနှင့် အလှူငွေကောက်ခံမှုတွင် ပါဝင်ခဲ့ကြသည့် သွေးချင်းညီနောင်များ၊ ဂျပန်လူမျိုးများ၊ မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများထံမှ ကောက်ခံထားသည့် အလှူငွေများဖြစ်သည်ဟု ဆိုသည်။

အလှူငွေများကို HDCO က လိုအပ်သည့်နေရာများကို စီမံဖြန့်ဝေသွားမည်ဟု သိရှိရပြီး၊ ရခိုင်ရှိ ရေဘေးဒုက္ခသည်များကိုလည်း ဆက်လက်လှူဒါန်းသွားမည်ဟု ANDP တာဝန်ရှိသူနောက်တစ်ဦးက ပြောဆိုသည်။

“ကျနော်တို့ နောက်ထပ် ရခိုင်က ရေဘေးဒုက္ခသည်တွေကို ဆက်လက်လှူဒါန်းသွားဖို့ ရှိပါတယ်။ အခု အလှူငွေထဲမှာလည်း ဂျပန်ရောက် ရခိုင်တွေရော၊ ဗမာတွေရော၊ တိုင်းရင်းသားတွေ ဝိုင်းဝန်းပြီးလှူပေးကြတော့ အတိုင်းမသိ ဝမ်းသာပါတယ်” ဟု ၎င်းကပြောသည်။

စစ်ရှောင်များမှာ ဆေးဝါးများ မလုံလောက်သဖြင့် အချိန်မီမကုသနိုင်ဘဲ သေဆုံးမှုများရှိနေပြီး ဆေးဝါးအကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ဖြစ်ပွားနေသည့် AA နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲများကြောင့် ရခိုင်တွင် အိုးမဲ့အိမ်မဲ့ဖြစ်သူများနှင့် နေရပ်စွန့်ခွာထွက်ပြေးရသူ သိန်းနှင့်ချီ ရှိနေကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။