ရခိုင်စစ်ဘေးရှောင်ကလေးများ ကျောင်းတက်နိုင်ရန် ပညာရေး ကမ်ပိန်းလုပ်

By MPM 25 မတ်, 2026 👁 3

ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရသည့် ရခိုင်ပြည်ထဲက စစ်ဘေးရှောင်ကလေးငယ်များအတွက် “အနာဂတ်လှိုင်း” အမည်ဖြင့် ပညာရေးကမ်ပိန်းတစ်ခုကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြုလုပ်နေကြောင်း သိရသည်။

ထိုကမ်ပိန်းကို မတ်လ ၂၂ ရက်မှ ဧပြီလ ၂၂ ရက်အထိ အလှူငွေ ကျပ်သိန်း ၂၀၀ ကို ဦးတည်ကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာနေပြီး စစ်ဘေးရှောင် ကလေးငယ်များအတွက် ပညာရေး အထောက်အပံ့များစွာ လိုအပ်လျက် ရှိနေသည်။

“ကမ်ပိန်းလုပ်တာက စစ်ဘေးရှောင် စာသင်ကျောင်းအတွက် ဖြစ်တယ်။ စစ်ဘေးရှောင် ကျောင်းသားတွေအပြင် နယ်ဖက်တွေမှာ ကျောင်းမရောက်နိုင်တဲ့သူတွေ၊ ကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့သူတွေကို ထောက်ပံ့ပေးတာလည်း ရှိပါတယ်” ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဘေးရှောင်ကျောင်းသားများ ပညာရေးနှင့် အလှမ်းမဝေးစေရန်နှင့် စစ်ဘေးတိမ်းရှောင်နေရမှုကြောင့် ပညာဆက်လက် သင်ကြားနိုင်ရေး ခက်ခဲနေသူများကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သူက ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်တွင် စစ်ဘေးရှောင်ကျောင်းသား/ သူဦးရေ တိုးလာသည်နှင့်အမျှ ကျောင်းဆောင်တိုးချဲ့ ဆောက်လုပ်ရန်နှင့် သင်ထောက်ကူပစ္စည်း လိုအပ်ချက်များစွာ ရှိကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်ကလေးငယ်များမှာ လူမှုကူညီရေးအဖွဲ့များမှ ဖွင့်လှစ်ပေးထားသည့် စာသင်ကျောင်းများနှင့် အလှမ်းဝေးနေသူများလည်း ရှိနေကြောင်း သိရသည်။

“ကျောက်ဖြူမြို့နယ်မှာဆိုရင် ကျောင်းနဲ့ အလှမ်းဝေး ကျောင်းမတက်ရတဲ့ စစ်ရှောင်တွေ ရှိသလို နီးစပ်ရာကျောင်းတွေမှာ တက်နေတဲ့သူတွေလည်း ရှိတယ်။ အများစုကတော့ ကျောင်းမတက်ရတဲ့ ကလေးတွေ ပိုများတယ်။ စစ်ဘေးရှောင်နေရတဲ့ နေရာမှာ ဆရာ/ဆရာမ မလုံလောက်တာတွေ၊ အဖွဲ့အစည်းတွေနဲ့ လက်လှမ်း ဝေးတဲ့ နေရာတွေက စစ်ဘေးရှောင်ကလေးတွေ ပညာသင်ကြားခွင့် အလှမ်းဝေးနေတာတွေ ရှိတယ်” ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ တာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းများမှာ ပုံမှန်မဖွင့်လှစ်နိုင်သဖြင့် ပညာရေး တစ်ပိုင်းတစ်စဖြင့် ကျောင်းရပ်နားထားရသည့် ကျောင်းသား/ ကျောင်းသူအများ အပြားရှိသည်။

ယင်းအပြင် စားဝတ်နေရေးခက်ခဲမှုကြောင့် ပညာရေးရပ်နားကာ အပြင်ထွက် အလုပ်လုပ်ကိုင်နေကြသည့် လူငယ်များလည်းရှိကြောင်း သိရသည်။

ရမ်းဗြဲဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက “ပညာရေးကို အများကြီး ပံ့ပိုးပေးဖို့လိုတယ်။ ဒီအခြေအနေမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးတွေ အများကြီးရှိတယ်။ သူတို့ကို ပညာရေးနဲ့ ထိတွေ့နေအောင် လုပ်ဆောင်ပေးသင့်တယ်။ စစ်ရှောင်ကလေးတွေအတွက်လည်း လက်လှမ်းမှီနိုင်တဲ့ နေရာတွေမှာ ပညာသင်ကြားခွင့်တွေ ဖန်တီးပေးကြဖို့ လိုအပ်တယ်” ဟု ပြောသည်။

ရခိုင်ပြည် တည်ဆောက်ရေးအတွက် ပညာရေးသည် အက္ခရာကျသည့် အသက်သွေးကြောတစ်ခုဖြစ်သဖြင့် အနာဂတ် ရခိုင်မျိုးဆက်သစ်များ၏ ပညာရေးအပေါ် လူသားချင်းစာနာမှုဖြင့် ဝိုင်းဝန်းပံ့ပိုးပေးရန် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက မေတ္တာရပ်ခံထားသည်။

ရခိုင်ပြည်အတွင်း ၂၀၂၄ ခုနှစ်မှ စတင်ပြီး ရွေ့ပြောင်းစာသင်ကျောင်းများ ဖွင့်လှစ်ကာ လူငယ်များ ပညာရေးနှင့် အလှမ်းမဝေးစေအတွက် အာရက္ခအမျိုးသား ပညာရေးဌာနက ကြိုးပမ်းလျက်ရှိသည်။

သို့သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် စာသင်ခန်းများ တစ်နေရာမှတစ်နေရာသို ရွေ့ပြောင်းကာ စာသင်ကြားနေကြရသည်။

DMG