ရခိုင်ကလေးငယ်များ အာဟာရဓာတ်ချို့တဲ့လာနေ

By MPM 26 ဇူလိုင်, 2024 👁

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူများပြားနေပြီး အလုပ်အကိုင်၊ အခွင့်အလမ်းများ ရှားပါးနေသဖြင့် ပြည်သူများ စားဝတ်နေရေးကျပ်တည်းမှုနှင့်အတူ ကလေးသူငယ်များမှာလည်း အာဟာရဓာတ်ချို့တဲ့လာနေကြောင်း ဒေသခံများကပြောသည်။

လက်ရှိ၌ ရခိုင်ဒေသတွင် ကုန်သွယ်ရေး၊ စီးပွားရေး လုံးဝကျဆင်းနေပြီး ဆင်းရဲမွဲတေမှုနှုန်းများလည်း တိုးပွားမြင့်တက်လာနေကြောင်း လူမှုအဖွဲ့အစည်းများနှင့် စီးပွားရေးသမားများက ပြောသည်။

“ထမင်းကတော့ မငတ်သေးဘူး။ ဆန်ရှိတယ်။ ဒါပေမယ့် အသား၊ ငါးတွေ မစားရဘူး။ ပိုက်ဆံမရှိတော့ ဟင်းတောင် မဝယ်စားနိုင်ဘူး။ ဘေးအိမ်ကဆိုရင် တစ်နေ့က ထမင်းကို ထမင်းရည်နဲ့ စားကြရတယ်။ တခြား မုန့်ပဲသရေစာကို စားနိုင်ဖို့က မလွယ်ဘူး” ဟု ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရေလမ်းခရီးကို အဓိကအသုံးပြုသွားလာနေသည့် ပေါက်တောမြို့နယ်ရှိ ဒေသခံများမှာ ငွေကြေးအကျပ်အတည်းဒဏ်ကို ပိုမိုခံစားနေရသည့်အတွက် ကလေးသူငယ်များမှာ အစာအာဟာရဓာတ်ချို့တဲ့မှုများ ဖြစ်လာနေသည်။

“အိမ်က ကလေးတွေပိန်ပြီး မျက်နှာတွေ ဖြူဖတ်ဖတ်ဖြစ်နေပြီ။ အာဟာရ ချို့တဲ့နေတာ။ စားချင်တာကို မစားရဘူး။ (နိုင်ငံခြား) ယောက်ျားဆီက ပိုက်ဆံထည့်ပေးပေမယ့် အဲဒီပိုက်ဆံကို ထုတ်လို့မရဘူး။ အလုပ်လုပ်ဖို့လည်း ဘာအလုပ်မှ မရှိဘူး” စစ်တွေမြို့မှ ပေါက်တောမြို့နယ် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးကို ပိတ်ဆို့ထား၍ ကုန်ဈေးနှုန်းများ အဆမတန်မြင့် တက်နေမှု ကြောင့် ငွေလွှဲ၊ ငွေထုတ် ရယူနိုင်သည့် ဒေသများတွင်ပင် စားဝတ်နေရေး အကျပ်အတည်းများစွာဖြင့် ကြုံနေကြရသည်။

ထိုသို့ အကျပ်အတည်းများကြောင့် ကလေးသူငယ်များမှာ ထမင်းကို အသား၊ ငါးများဖြင့် မစားနိုင်တော့သည့်အပြင် ဖြည့်စွက် အစားအစာများကိုစားရန် ငွေကြေးမတတ်နိုင်၍ အာဟာရဓာတ်ချို့တဲ့လာနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်း ဆင်းရဲမွဲတေမှုနှုန်းမှာ ပိုမိုဆိုးရွားလာပြီး လက်ရှိစီးပွားရေးအခြေနေသည်လည်း ပြီးခဲ့သည့် ခြောက်နှစ်ကထက် ပိုမိုဆိုးရွားလာကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းစစ်ရေးပဋိပက္ခအတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်များက စစ်ကောင်စီကို ပြန်လည်ခုခံတိုက်နေချိန် နေရပ်စွန့်ခွာထွက်ပြေးရသူ ၃ သန်းကျော်ရှိပြီး ဆင်းရဲမွဲတေမှုနှုန်းမှာလည်း ၃၂ ဒသမ ၁ ရာခိုင်နှုန်းအထိရှိလာကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အောင်ထိန် (DMG) ပေးပို့သည်။