မွန်အမျိုးသားနေ့အလွန် မွန်ဒေသအနှံ့ တိုက်ပွဲအရှိန်မြှင့်သွားမည်ဟု “ရာမညပူးတွဲစစ်ကြောင်း” တာဝန်ရှိသူတို့ပြောဆို

By MPM 25 ဖေ‌ဖော်ဝါရီ, 2025 👁 5

မွန်အမျိုးသားနေ့အလွန်ကာလတွင် မွန်ဒေသအနှံ့ တိုက်ပွဲအရှိန်မြှင့်တင်သွားမည်ဟု “ရာမညပူးတွဲစစ်ကြောင်း” တာဝန်ရှိသူတို့က ပြောဆိုသည်။

“ရာမညပူးတွဲစစ်ကြောင်း” အနေဖြင့် မွန်အမျိုးသားနေ့ကာလတွင် တိုက်ပွဲဖော်ဆောင်ခြင်းကို ခေတ္တရပ်တန့်ထားပြီးနောက် မွန်အမျိုးသားနေ့အလွန်ကာလတွင် တိုက်ပွဲများ ပြန်လည်ဖော်ဆောင် သွားတော့မည်ဟု စစ်ကြောင်းတာဝန်ရှိသူတို့က ပြောပါသည်။

“အခု မွန်အမျိုးသားနေ့ကာလလည်း လွန်သွားပြီးဆိုတော့ တိုက်ပွဲပြန်လည်ဖော်ဆောင်သွားဖို့တော့ ပြင်ဆင်နေပါပြီ။ ဘယ်လိုပြင်ဆင်နေလဲ၊ ဘယ်လိုဖော်ဆောင်သွားမလဲဆိုတာက စစ်ရေးလျှိုဝှက်ချက်ဖြစ်လို့ ပြောပြလို့မရပါဘူး” ဟု ရာမညပူးတွဲစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

မွန်တပ်တော်တစ်ခု အမြန်ဆုံး ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး မွန်အင်အားကြီးတော်လှန်ရေးတပ်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) (NMSP-AD)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ ပါဝင်သည့် “ရာမည ပူးတွဲစစ်ကြောင်း” ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်။

“ရာမညပူးတွဲစစ်ကြောင်း” အနေဖြင့် မွန်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ကြောင်း၊ ပြင်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်းလည်း ရာမညပူးတွဲစစ်ကြောင်း ဒု-ပြန်ကြားရေးတာဝန်ခံ နိုင်မာဃက ယခုလိုပြောသည်။

“ကျနော်တို့ ရာမညစစ်ကြောင်းအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေက မရပ်တန့်နေဘူး။ စစ်ရေးဖြစ်တဲ့အတွက် ထုတ်ပြထုတ်ပြောလို့မရတဲ့ အခြေအနေကို နားလည်ပေးစေချင်ပါတယ်။ သေချာတာတစ်ခုက ကျနော်တို့ လုပ်စရာရှိတာတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

မွန်ဒေသအနှံ့ တိုက်ပွဲအရှိန်မြှင့်တင်နိုင်ရန် “ရာမညပူးတွဲစစ်ကြောင်း” တွင် ပါဝင်သည့် မွန်တပ်လေးတပ်အပြင် တစ်ခြားသော မွန်တပ်တို့နှင့်လည်း ပူးပေါင်းနိုင်ရေး ကြိုးပမ်းနေသည်ဟု နိုင်မာဃက ဆက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မွန်ဒေသတွင် နိုင်ငံရေး၊ စစ်ရေး ဖော်ဆောင်မှုများ ပိုမိုတိုးချဲ့လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး မွန်တော်လှန်ရေးတပ်ဖြစ်သည့် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO အပြင် ဂဠုန်စစ်ကြောင်းတို့က “ရာမညပူးတွဲစစ်ကြောင်း” တွင် ပါဝင်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) နှင့် အလုံးစုံပူးပေါင်းခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

IMNA ပေးပို့သည်။