မွန်ပြည်နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှစ်ဖက်ဖိအားကြောင့် နှုတ်ထွက်သူများလာနေဟုဆို

By MPM 21 ဇူလိုင်, 2024 👁

မွန်ပြည်နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှုးများကို စစ်ကောင်စီက စစ်မှူးထမ်းကိစ္စ ဖိအားပေးဆောင်ရွက်စေမှု ပိုမိုလုပ်ဆောင်လာစေသည့်အပြင် တော်လှန်ရေးအဖွဲတို့ကလည်း အရေးယူ ပစ်ခတ်မှုတို့ကို ဆက်တိုက် လုပ်ဆောင်နေခြင်းကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးအဖွဲ့တို့ နှုတ်ထွက်တိမ်းရှောင်သူ များလာကြောင်း သိရှိရသည်။

လက်ရှိ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအပါအဝင် ယခင်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးများပါ နှုတ်ထွက်စာတင်ထားကြသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများက ပြောဆိုသည်။

ကျိုက်ထိုမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ထားသော်လည်း စစ်ကောင်စီက နှုတ်ထွက်ခွင့်မပြုခြင်းကြောင့် တိမ်းရှောင်နေရကြောင်းနှင့် စစ်ကောင်စီ အစည်းအဝေးများကိုလည်း ရုံးအကူဝန်ထမ်းတို့သာ တက်ရောက်နေကြသည်ဟု အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့နှုတ်ထွက်စာ တင်ထားကြပေမဲ့ နှုတ်ထွက်ခွင့် မပေးလို့လားမသိပါဘူး၊ ရပ်ကွက်မှာတော့ အုပ်ချုပ်ရေးမှူး တွေကို မတွေ့နေတာကြာပြီ။ တိမ်းရှောင်နေတာ၊ ဟိုဘက်ကလည်းခြိမ်းခြောက် ဒီဘက်လည်းခြိမ်းခြောက်နေ တော့ အုပ်ကြီးလက်အောက်တွေလည်း မလှုပ်ရှားရဲနေဘူး။ စစ်တပ်ကပဲ သူတို့လိုချင်တဲ့သူကို ကိုယ်တိုင်လိုက် ဆင့်ခေါ်နေတာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကျိုက်ထိုမြို့တွင် စစ်ကောင်စီအဖွဲ့ဝင်နှင့်နီးစပ်သူ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူ၊ ရာအိမ်မှုးတို့ကို ကျိုက်ထိုတော်လှန်ရေးအင်အားစုတို့က မကြာခဏ ပစ်ခတ်ရှင်းလင်းနေပြီး ၂၀၂၄ ခုနှစ် ၆ လတာ ကာလအတွင်း ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။

အလားတူ တော်လှန်ရေးအင်အားကောင်းသည့် ရေးမြို့နယ်တွင် စစ်မှုထမ်းမည့်သူမရှိသည့်အပြင် အုပ်ချုပ်ရေမှုးတို့မှလည်း စစ်မှုထမ်းကိစ္စ အကောင်အထည်မဖော်နိုင်ခြင်းကြောင့် စစ်ကောင်စီက အုပ်ချုပ်ရေးမှုတို့ကို အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ရေးမြို့ခံတစ်ဦးက ပြောဆိုသည်။

“ရေးမြို့နယ်မှာဆို စစ်မှုထမ်းမဲ့သူတွေကို သိပ်မပို့နိုင်ဘူးလေ၊ ပို့နိုင်ရင်လည်း တစ်ယောက်စနှစ်ယောက်စပဲ၊ အဲလို ဖြစ်နေတော့ နောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်တာ များနေတယ်။ ကျနော့်အထင် သူတို့ (အုပ်ချုပ်ရေးမှုး) တွေလည်း အထက်ကလူတွေနဲ့ ဖိအားပေးခံရတာ ရှိလာလို့ဖြစ်မယ်” ဟု အဆိုပါရေးမြို့ခံက ဆိုသည်။

ထိုကဲ့သို့ နှစ်ဖက်စလုံးမှ ဖိအားပေးခံရမှုများကြောင့် မွန်ပြည်နယ် မြို့နယ်အသီးသီးမှ အုပ်ချုပ်ရေးမှုးများ နှုတ်ထွက်စာ တင်လာခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

တဖက်တွင်လည်း မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့က ရပ်ကွက်အလိုက် ငွေကြေးကောက်ခံနေပြီး စစ်မှုထမ်းရန် အစားထိုးလူဌားခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းနှင့် ဝါဒဖြန့်ခြင်းတို့ကို လုပ်ဆောင်နေသည်ဟု မော်လမြိုင်မြို့ခံများက ပြောဆိုသည်။

Data for Myanmar သုတေသနအဖွဲ့၏ အစီရင်ခံစာအရ နိုင်ငံအနှံ့တိုက်ပွဲအတွင်း အရေးနိမ့်နေသည့် စစ်ကောင်စီ အဖွဲ့တို့သည် နိုင်ငံသားတိုင်းစစ်မှုမထမ်းမနေရ ဥပဒေကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၁၇၂ မြို့တွင် အကောင်အထည်ဖော်နေကြောင်း မတ်လ ၂၂ ရက်နေ့ အစီရင်ခံစာ ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

IMNA ပေးပို့သည်။