မွန်ပြည်နယ်အတွင်း စစ်ကောင်စီအဖွဲ့က လုံခြုံရေးယူဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းတို့ တွင်ကျယ်နေဆဲဖြစ်

By MPM 25 ဖေ‌ဖော်ဝါရီ, 2025 👁 6

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ပွဲလမ်းကျင်းပမှုရပ်နားရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီအဖွဲ့က လုံခြုံရေးယူဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းတို့ တွင်ကျယ်နေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့က ပြောဆိုသည်။

မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်တို့တွင် ဖေဖော်ဝါရီလ ပထမအပတ်မှစ၍ ဆွမ်းကြီးလောင်းပွဲနှင့် လောင်းကစားဝိုင်းတို့ကို စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့က ရပ်နားရန် ညွှန်ကြားထားသည်ဟု ရာအိမ်မှုးနှင့် နီးစပ်သူတို့က ပြောသည်။

သို့သော် ပေါင်မြို့နယ်တွင် ပွဲလမ်းသဘင် မကျင်းပရန်နှင့် အသံချဲ့စက် ဆောင်းဘောက်မဖွင့်လှစ်ရန် ညွှန်ကြားမှုကြောင့် ပွဲလမ်းသဘင်ရပ်နားထားသော်လည်း လောင်းကစားဝိုင်းတို့ ယခင်အတိုင်း ဖွင့်လှစ်ထားဆဲဖြစ်သည်ဟု ပေါင်မြို့ခံများက ပြောသည်။

ပေါင်မြို့ခံတစ်ဦးက “ပေါင်မြို့နယ်မှာတော့ လောင်းကစားဝိုင်းတွေ မရပ်ဘူး၊ ပွဲတွေကတော့ နားထားတယ်။ မြို့နယ်အုပ်ချုပ်ရေး၊ ရပ်ကျေးအဖွဲ့တွေက ဒီနေ့ ၂၀ ရက်နေ့ကစပြီးတော့ မတ်လ ၂၅ အထိ ဖြစ်မယ်ထင်တယ်၊ တစ်လလောက် ကြာမယ်” ဟု ပြောသည်။

ပေါင်မြို့နယ်အပြင် သထုံ၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံနှင့် မော်လမြိုင်မြို့နယ်တို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတို့တွင် သီတင်းကျွတ်ကာလမှစပြီး အထိမ်းအမှတ်ပွဲတော်နှင့် ဆက်စပ်ခြင်းမရှိဘဲ ဇာတ်ပွဲနှင့်တွဲဖက်ကာ လောင်းကစားဝိုင်းများ နေ့စဉ် ဖွင့်လှစ်ထားဆဲဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုကြသည်။

အဆိုပါ လောင်းကစားဝိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့၊ ပျူစောထီးတို့က လုံခြုံရေးပေးနေပြီး လာရောက်ကစားသူများ လောင်းကစားဝိုင်းတို့ကို ဓာတ်ပုံရိုက်ခွင့် ကန့်သတ်ထားကြောင်းလည်း ကစားဝိုင်းသို့ သွားရောက်ထားသည့်သူတို့က ပြောပါသည်။

လောင်းကစားဝိုင်းမှ ဒေါသတကြီး အော်ဟစ်ဆဲဆူမှုတို့သည် အနီးနားရှိဒေသခံတို့၏ နေ့စဉ်ဘဝကို အနှောင့် အယှက်ဖြစ်စေရုံမျှမက တိုင်းတန်းမှုလုပ်ဆောင်ရာတွင်လည်း အရေးယူခြင်းမရှိသဖြင့် ဆူညံသံကြောင့် နေအိမ် ပြောင်းရွှေ့ မှုတို့လည်း ရှိလာကြောင်းသိရသည်။

အလားတူ ချောင်းဆုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် ဇာတ်ပွဲသဘင်များ ရပ်နားထားသော်လည်း အာဝါဒေး လောင်ကစားဝိုင်းများ နေ့စဉ်ရှိနေသည်ဟု ချောင်းဆုံဒေသခံတစ်ဦးက ပြောဆိုသည်။

“လောင်းကစားကတော့ အခုလည်း နေ့တိုင်းရှိနေတုန်းပဲ။ မရပ်ဘူး ပုံမှန်ပဲ။ ဒီစာမေးပွဲပြီးရင် ချောင်းဆုံမှာ ရွာတိုင်း ပွဲစဉ်ဆက်တိုက်၊ ရွာတိုင်းမှာ ရှိမယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် လောင်းကစားဝိုင်းကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ထားသည့်ချောင်းဆုံနှင့် မော်လမြိုင်မြို့တို့တွင် ဒေသခံတို့မှ ခိုးဆိုးလုယက်မှုများနှင့် ရင်ဆိုင်နေရသည့်အပြင် ကလေးပျောက်ဆုံးမှုတို့သည်လည်း များလာနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

စစ်ကောင်စီ ပညာရေးဌာနမှ ယခုနှစ် ၂၀၂၄ – ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ဟုလည်း ထုတ်ပြန်ထားသည်။

IMNA ပေးပို့သည်။