23 ဧပြီ 2025 /

See today's Peace Related News

သတင်းမွန်ပြည်နယ်ရှိ မြို့နယ် ၆ မြို့နယ်ခန့်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ချေရှိဟုဆို

မွန်ပြည်နယ်ရှိ မြို့နယ် ၆ မြို့နယ်ခန့်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ချေရှိဟုဆို

စစ်ကောင်စီက စီစဉ်ကျင်းပမည့် ရွေးကောက်ပွဲသည် မွန်ပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်ခန့်တွင်သာ ကျင်းပနိုင်ချေရှိသည်ဟု မွန်ညီညွတ်ရေးပါတီ (MUP) ၏ ပြောရေးဆိုခွင့်ရှိသူနိုင်သန်းရွှေက ပြောသည်။

စစ်ကောင်စီအနေဖြင့် ယခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကျင်းပသွားရန် စီစဉ်ထားကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၇ ရက် ဘယ်လာရုဇ်နိုင်ငံ ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲအပေါ် မိမိတို့ မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် ပြင်ဆင်ထားခြင်းမရှိသေးကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ညွန်ကြားချက်လည်း မထွက်လာသေးကြောင်း နိုင်သန်းရွှေက ပြောဆိုသည်။

နိုင်သန်းရွှေက “ကျနော်တို့က ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကော်မရှင်ရဲ့ညွန်ကြားချက်တွေ ဘာမှမထွက်လာသေးဘူး ဆိုတော့ ကျနော်တို့ ဘာမှလည်းပြင်ဆင်ထားတာကတော့ မရှိသေးဘူးပေါ့နော်၊ ဒီရွေးကောက်ပွဲ အတွက်ကတော့ တဝက်ကျော်ကျော် (မွန်ပြည်နယ်) တော့ ကျင်းပနိုင်မယ်ထင်တယ်။ ဥပမာ- ၆ မြို့နယ်လောက်တော့ ကျင်းပနိုင်လိမ့်မယ်” ဟု ပြောသည်။

ဆက်လက်ပြီး နိုင်သန်းရွှေက “အဲဒီ ၆ မြို့နယ်လည်း အပြည့်အစုံတော့ မဟုတ်ဘူး။ တချို့မြို့နယ်လည်း မြို့ပေါ်နဲ့ အဲဒီလောက်ပဲ ကျင်းပနိုင်မယ်။ ဥပမာ- ရေးဆိုရင်လည်း ရေးမြို့အတွင်းနဲ့ တခြားရွာတွေ အနည်းငယ်သာ ကျင်းပ နိုင်မယ်။ အဲဒီလောက်ပဲ ကျင်းပနိုင်မယ်ထင်ပါတယ်။ ၆ မြို့နယ်လောက်ပါပဲ” ဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ် ရှိသည့်အနက် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရောမြို့နယ် နေရာအချို့နှင့် ရေးမြို့ပေါ်ရပ်ကွက်၊ ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ချေရှိသည်ဟု ၎င်းက ပြောဆိုသည်။

ရွေးကောက်ပွဲကျင်းပမည်ဆိုပါက လုံခြုံရေးက အဓိက ခြိမ်းခြောက်မှုဖြစ်လာနိုင်ပြီး မဲဆွယ်စည်းရုံးမှု၊ လူထုဟောပြောပွဲ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိလာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

အလားတူ ကရင်ပြည်နယ်တွင်လည်း ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ် နှစ်မြို့နယ်တွင်သာ ရွေးကောက်ပွဲ ကျင်းပ နိုင်ချေရှိကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

“ကျနော်တို့ ကရင်ပြည်နယ်က လောလောဆယ်အခြေအနေက မြို့နယ်နှစ်မြို့နယ်လောက်ပဲ ဖြစ်နိုင်ချေ နည်းနည်းလေး ရှိတာပေါ့။ ကျန်တဲ့မြို့နယ်တွေက ဖြစ်နိုင်ချေ နည်းတာပေါ့ဗျာ။ ဘယ်လိုစီစဉ်မလဲတော့ မပြောတတ်ဘူးပေါ့။ ဒါပေမဲ့ အဲဒီနှစ်မြို့နယ်လောက်ဆိုလို့ရှိရင်လည်း တမျိုးကြီးတော့ ဖြစ်နေတာပေါ့။ နှစ်မြို့နယ်လောက်ပဲ လုပ်မယ်ဆိုရင်” ဟု မန်းအောင်ပြည်စိုးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီကဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံတွင် ပြန်လည်၍ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၄ ပါတီ ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောဆိုထားသလို တော်လှန်ရေးအင်အားစုများကလည်း ကန့်ကွက်ကြောင်း အသီးသီးထုတ်ပြန်ထားသည်။

IMNA ပေးပို့သည်။