မွန်ပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များအား နေ့စဉ် ဖမ်းဆီးငွေညှစ်မှုရှိနေ

By MPM 2 ဧပြီ, 2025 👁 6

မွန်ပြည်နယ်တွင်၊ စစ်ကောင်စီလက်အောက်ခံအဖွဲ့နှင့်ယာဉ်ထိန်းရဲတို့ပူးပေါင်းပြီး မြို့အဝင်အထွက်နေရာနှင့် လူဆုံလမ်းခွနေရာတိုတွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို နေ့စဉ်စစ်ဆေးနေပြီး ဖမ်းဆီးငွေညစ်မှုများလည်း ဆက်တိုက်ပြုလုပ်နေသည်ဟု မြို့ခံတို့ပြောဆိုမှုအရ သိရသည်။

သထုံခရိုင်ဒေသခံတို့၏ ပြောဆိုချက်အရ လိုင်စင်မဲ့မော်တော်ယာဉ်များကို စီမံချက်နှင့်ဖမ်းဆီးမှု ပြုလုပ်နေပြီး လိုင်စင်မဲ့ယာဉ်တွေ့ရှိပါက ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ်လည်း ချမှတ်နေသည်ဟု ဆိုသည်။

တဖက်တွင်လည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရန် စစ်ကောင်စီဘက်ကနေ ဆိုင်ကယ်၊ ကားအရည်အသွေးပေါ် မူတည်ပြီး တစ်စီးလျှင် သိန်းနှင့်ချီ ငွေကြေးတောင်းခံမှုတို့ရှိနေကြောင်း ဒေသခံတို့က ပြောဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီးသည့်နေ့မှစပြီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်၊ မြို့အဝင်/အထွက်ဂိတ်နှင့် လမ်းဆုံမီးပွိုင့်နေရာတို့တွင် နေ့စဉ်စစ်ဆေးမှုပြုလုပ်ကာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များအပြင် ယာယီလိုင်စင် တပ်ဆင်ထားသည့် ဆိုင်ကယ်များကိုပါ ဖမ်းဆီးနေသည်ဟု မော်လမြိုင်မြို့ခံများက ပြောသည်။

မော်လမြိုင်မြို့ခံတစ်ဦးက “ဆိုင်ကယ်ကုမ္ပဏီဘက်ကတော့ ကြည့်ရှောင်မောင်းပေါ့တဲ့။ သူတို့ယာယီလိုင်စင် ထုတ်ပေးတဲ့ဟာက ယာဉ်နဲ့ပတ်သက်ပြီး အခွန်ဆောင်တဲ့ဟာတစ်ခုပါပဲ။ ကုန်လမ်းပို့ဆောင်ဦးစီးဌာနကနေ တရားဝင်အသိမှတ်ပြုပေးထားတဲ့ စာရွက်စာတမ်းတွေမရှိတဲ့အတွက် ရဲတွေ၊ ယာဉ်ထိန်းတွေက လိုင်စင်မဲ့လို့ သတ်မှတ်တယ်။ အဲ့ဒါကြောင့်ရှောင်မောင်း ကိုယ်ထိရင်ကိုယ်ခံ” ဟု ပြောသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးမှု ပြုလုပ်သွားမည့်အကြောင်းကို တရားဝင်စာထုတ်ပြန်ထားခြင်း မရှိသော်လည်း ယာဉ်ထိန်းရဲတို့က ယခုကာလအတွင်း နေ့စဉ်စစ်ဆေးဖမ်းဆီး ငွေညစ်နေခြင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီကနေ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးတင်းကြပ်မှုပြုသော်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ မော်တော်ယာဉ်လိုင်စင်ပြုလုပ်ခွင့်ကို အာဏာသိမ်းပြီးအချိန်မှစ၍ ယနေ့အထိ ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံပြည်သူတို့အနေဖြင့် ဖမ်းဆီးမှုတင်းကြပ်ထားသည့်ကာလတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကို လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်းနှင့် အသွားအလာသတိပြုကြရန် မုဒုံဒေသခံတစ်ဦးက ယခုလို သတိပေးပြောဆိုသည်။

“ဦးထုပ်တို့ လိုင်စင်တို့ ယာဉ်မောင်းလိုင်စင်တို့ အဲ့ဒါတွေကို လိုက်နာဖို့လိုတယ်။ ဒါမှမဟုတ် ကိုယ်က သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် သူတို့ဖမ်းဆောင်ဖို့ သွားအားပေးနေတယ်ဆိုတဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေတဆင့် မြဝတီမြို့ကိုသယ်ဆောင်ပြီး ယင်းမှတဆင့် မြဝတီ-ဘားအံ-သထုံ-ရန်ကုန် လမ်းကြောင်းကို တပ်၊ ရဲ၊ ယာဉ်ထိန်း၊ စစစ၊ SB တပ်ဖွဲ့ဝင်များကိုယ်တိုင် အခကြေးငွေယူ သယ်ဆောင်ခွင့်ပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါလမ်းကြောင်းမှ နေ့စဉ် လိုင်စင်မဲ့မော်တော်ယာဉ် အစီးရေ ရာနှင့်ချီ ဖြတ်သန်းသွားလာနေပြီး စစ်ဆေးရေးဂိတ်တစ်ခုလျှင် လိုင်စင်မဲ့မော်တော်ယာဉ်တင်သွင်းခွင့် ဂိတ်ကြေး ကျပ် ၂ သောင်းမှ ကျပ် ၅ သိန်းအထိ ပေးရကြောင်းနှင့် ဘားအံတံတား၊ မရမ်းချောင်းဂိတ်နှင့် ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တို့တွင် ဂိတ်ကြေး အများဆုံးပေးဆောင်ရကြောင်း သိရသည်။

IMNA ပေးပို့သည်။