မြောက်ဦးမြို့ ပန်းဇီးမြောင်းဘက်ကို စစ်ကောင်စီ ညည့်အချိန်ဗုံးလာကြဲချ

By MPM 18 မတ်, 2025 👁 6


ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ ပန်းဇီးမြောင်းဘက်ကို စစ်ကောင်စီတပ်က မတ်လ ၁၈ ရက်နေ့ ညဉ့်အချိန်တွင် လေကြောင်းမှတဆင့် ဗုံးလာကြဲချခဲ့ကြောင်း မြောက်ဦးဒေသခံများက ပြောဆိုသည်။



စစ်ကောင်စီလေတပ်သည် မတ်လ ၁၈ ရက်၊ ညည့်နက်ပိုင်း ၂ နာရီကျော်က ဂျက်ဖိုက်တာတစ်စီးဖြင့် ပန်းဇီးမြောင်းကို နှစ်ကြိမ်တိုင်လာရောက်ပြီး ရော့ကတ်ကျည်ခြောက်လုံး ကြဲချခဲ့သည်ဟု မြောက်ဦး ဒေသခံတစ်ဦးက ပြောသည်။

“ညည့် ၂ နာရီလောက်မှာ တကြိမ်၊ ၂ နာရီ ၁၅ မိနစ်လောက်မှာ တကြိမ်လာကြဲပါတယ်။ ရော့ကတ် ခြောက်လုံး ကြဲသွားတယ်။ ညဉ့်အချိန်ဆိုတော့ အသံကလည်း တအားကျယ်တယ်။ အထိအခိုက်ကတော့ မရှိဘူးလို့ ကြားတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

လေကြောင်းမှတဆင့် ဗုံးလာကြဲချရာတွင် ဗုံးလေးလုံးမှာ ပေါက်ကွဲသွားခဲ့ပြီး နောက်နှစ်လုံးမှာ မပေါက်ဘဲ ကျန်နေသေးသည်ဟု ၎င်းက ဆက်ပြောသည်။

ပန်းဇီးမြောင်းသည် မြောက်ဦးမြို့၏မြောက်ဘက် တစ်မိုင်ကျော်ခန့်တွင်ရှိပြီး မြောက်ဦးချောင်းဖျားအနီးတွင် တည်ရှိသည်။

အဆိုပါနေရာတွင် လူနေအိမ်များထက် လယ်ယာလုပ်ငန်းနှင့် စိုက်ခင်းများသာရှိသည့်အတွက် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခြင်းဖြစ်ကြောင်း ကြားသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အာရက္ခတပ်တော် (AA) က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများထဲမှ ၂၈ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။