မြောက်ဦးမြို့ပေါ် ဆေးရုံကြီးအား အာဏာသိမ်းစစ်တပ် လေကြောင်းမှ ဗုံးကြဲ၊ ဆေးကုသနေသည့် အရပ်သားပြည်သူ ၃၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၇၆ ဦးရှိလာ

By MPM 11 ဒီဇင်ဘာ, 2025 👁

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးအား အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆေးရုံတက်ရောက် ကုသနေသည့် လူနာများအပါအဝင် ဒေသခံပြည်သူ ၃၃ ဦးခန့် ပွဲချင်းပြီးသေဆုံးကာ ၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ ၃၃ ဦးအထဲတွင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၆ ဦးပါဝင်ပြီး ဒဏ်ရာ အပြင်းအထန်ရသူ ၂၇ ဦးနှင့် ဒဏ်ရာအနည်းငယ်ရသူ ၄၉ ဦးရှိကြောင်း သိရပါသည်။

အဆိုပါ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီကျော် ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၀ သေဆုံးခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက်အစောပိုင်းထိ သေဆုံးသူ အယောက် ၃၃ ဦးအထိ တိုးလာကာ ဒဏ်ရာရသူ အယောက် ၈၀ ဦးအထိ ရှိနိုင်သည်ဟု မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

“သေဆုံးသူတွေ အသားစတွေပြန့်ကြဲနေတာ မကြည့်ရဲဘူး။ အလောင်းတွေပြန်ကြဲပြီး တချို့နေရာတွေမှာဆိုရင် အလောင်းတွေထပ်နေတယ်။ မျက်ရည်ပေါက်ပေါက်ကျပြီး ကြည့်တဲ့နေရာက နေပြန်လာခဲ့ရတယ်။ ကျမသွားကြည့်တုန်း အယောက် ၃၃ ဦးသေနေပြီး။ ဒဏ်ရာပြင်းတဲ့သူတွေစိုးရိမ်ရတယ်၊ သေနိုင်တယ်။ ဒဏ်ရာအယောက် ၅၀ ဦးလို့ပြောတယ်။ ရှာမ တွေ့တာတွေရှိသေးတယ်” ဟု ပြောသည်။

သေဆုံးသူအများစုမှာ အမျိုးသမီးများဖြစ်ကြသည်ဟု သိရသည်။ ဒဏ်ရာရသူများအထဲတွင် ဒဏ်ရာပြင်းထန်သူ များပါသဖြင့် ၎င်းတို့အတွက်လည်း စိုးရိမ်စရာဖြစ်နေသည်ဟု ဆိုသည်။

ရခိုင်သတင်းများကို တင်ပြနေသည့် ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် အာရက္ခမင်းသမီးမီဒီယာတွင် နောက်ဆုံးရ သတင်းအချက်အလက်များကို အခြေခံပြီး သေဆုံးသူအရေအတွက်မှာ ၂၉ ဦးထိ တိုးလာကြောင်းဖော်ပြသည်။

မြောက်ဦးက လူမှုရေးလှုပ်ရှားဆောင်ရွက်နေတဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ လက်ရှိသိရတာ ၃၃ ဦး သေတယ်လို့သိရတယ်။ ဒဏ်ရာရသူတွေကလည်းတော်တော်များများရှိတယ်။ တာဝန်ရှိသူ မကြာမီသတင်းထုတ်ပြန်မယ် ထင်ပါတယ်” ဟု ပြောသည်။

နိရဉ္စရာ