မြေရှင်က နေရာဆက်မငှားသဖြင့် ကျောက်တော် ဝါးတောင်စစ်ဘေးရှောင်စခန်း နေရာအသစ်သို့ ပြောင်းရွေ့

0
422

မြေပိုင်ရှင်က မြေဆက်မငှားတော့၍ ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အိမ်ထောင်စု ၆၀ ကျော်သည် နေရာအသစ်သို့ ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဝါးတောင်စစ်ဘေးရှောင်စခန်း မူလမြေနေရာကို ငှားရမ်းထားသည်မှာ သက်တမ်းပြည့်သွားပြီဖြစ်သဖြင့် မြေပိုင်ရှင်က မြေ ဆက်လက်ငှားရမ်းခြင်းမပြုတော့၍ နေရာသစ်သို့ ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ကျနော်တို့ ကိုယ့်နေရပ်ကိုပြန်ချင်ပေမယ့် ပြန်လို့ရတဲ့ အခြေအနေ မရှိသေးဘူး။ နောက် ကလေးတွေရဲ့ ပညာရေး အခြေအနေကလည်း ရှိနေသေးတော့ ရွာကို ပြန်လို့ မဖြစ်သေးဘူး။ ဒီအတွက် အနီးအနားက နေရာတစ်ခုကို ထပ်ရွှေ့ပြောင်းလာတာဖြစ်ပါတယ်” ဟုပြောသည်။

ယခုပြောင်းရွှေ့ခဲ့သော နေရာမှာ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းအနီး ပေ ၈၀၀ အကွာတွင်တည်ရှိကာ နှစ်ဧကခန့် ကျယ်ဝန်းသည့် မြေနေရာဖြစ်ပြီး တစ်နှစ်လုံးငှားရမ်းခမှာ ငွေကျပ်၂၄ သိန်း ပေးရကြောင်း ၎င်းက ပြောသည်။

အဆိုပါဝါးတောင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၆ စု၊ လူဦးရေ ၃၆၁ ဦးရှိပြီး မြေနေရာငှားရမ်းရန်အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် သုံးသောင်းစီထည့်ကာ ကိုယ်ထူကိုယ်ထငှားရမ်းထားရခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေက နေရာစရာမြေမရှိတော့ မိသားစု တစ်စုကို ကျပ် ၃ သောင်းစီထည့်ဝင်ပြီး နောက်ထပ် မြေနေရာ တစ်ခုထပ်ငှားရတယ်။ စားဝတ်နေရေး ကျပ်တည်းနေတဲ့ ကာလမှာ ခက်ခက်ခဲခဲ ထည့်ဝင်ကြရတာပါ။ သုံးသောင်းဆိုတာ မလွယ်ကူလှဘူး။ ဒီအတွက် မြေငှားခကို အပြည့်အ၀တောင် မပေးနိုင်သေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်ဒေသခံများသည် မြေနေရာအသစ်တွင် အိမ်များကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေဆဲဖြစ်သဖြင့် ယင်းအနီးအနားတွင် ယာယီတဲထိုးကာ နေနေရပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

အဆိုပါဝါးတောင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့်နှစ်များက ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်က ကျောက်တော်မြို့နယ် ခမောင်း၊ သိန်းချောင်း၊ တဲဝ၊ လေကွိ၊ ပညာကြီး၊ င/စရိုင်းကိုင်း၊ ချင်းမဝန်တောင်း၊ ကင်ဘိကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာကြသူများ ဖြစ်ကြသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်.

LEAVE A REPLY

Please enter your comment!
Please enter your name here