23 ဧပြီ 2025 /

See today's Peace Related News

သတင်းမြို့သိမ်းတိုက်ပွဲအတွက် ဒေါ်လာ ၂ သိန်းတန်ကြေးရှိ ငွေတိုက်စာချုပ်များရောင်းချထားပြီဟုဆို

မြို့သိမ်းတိုက်ပွဲအတွက် ဒေါ်လာ ၂ သိန်းတန်ကြေးရှိ ငွေတိုက်စာချုပ်များရောင်းချထားပြီဟုဆို

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် ချင်းတော်လှန်ရေးအင်အားစုများသည် ချင်းငွေတိုက် စာချုပ်တမျိုးကို ဖန်တီးရောင်းချလျက်ရှိပြီး လတ်တလောတွင် ဒေါ်လာ ၂ သိန်းကျော် တန်ကြေးရှိသည့် ငွေတိုက် စာချုပ်များကို ရောင်းချထားပြီဟု သိရသည်။

တီးတိန်မြို့သိမ်းတိုက်ပွဲကို အလျင်အမြန်ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်နေသည့် ရန်ပုံငွေရှာဖွေနိုင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ZFU/ PDF – Zoland က ZFU Bond ငွေတိုက်စာချုပ်အဖြစ် ရောင်းချခြင်းဖြစ်ကြောင်း ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိုင်းကမ်ပိန်းမှ တာဝန်ရှိသူအမျိုးသမီးတဦးက ပြောသည်။

“တီးတိန်မြို့သိမ်းတိုက်ပွဲ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ ရန်ပုံငွေရှာတဲ့သဘောပါ။ စတင်ရောင်းချတာက မနှစ်က ဒီဇင်ဘာလကုန်ကနေ ရောင်းခဲ့တယ်။ အရင်ဆုံးက ZFU ထောက်ပို့တွေကို ရောင်းချတယ်။ အခုကမ်ပိန်းကို အွန်လိုင်းမှာ run ဖြစ်တဲ့အခါမှ အွန်းလိုင်းမှာ စတင်ကြေညာတာပါ” ဟု ကမ်ပိန်းတာဝန်ရှိသူအမျိုးသမီးက ပြောသည်။

ငွေတိုက်စာချုပ်များကို ဒေါ်လာငါးထောင်၊ ဒေါ်လာတသောင်း၊ ဒေါ်လာငါးသောင်း စသဖြင့် ဝယ်ယူသူများရှိပြီး ငွေတိုက်စာချုပ်တန်ဖိုးကို အတိအကျ သတ်မှတ်ထားခြင်းမျိုးမရှိဘဲ ပြည်သူလူထုဝယ်နိုင်သော ပမာဏာဖြင့် ငွေတိုက်စာချုပ်တန်ဖိုးကို ချုပ်ဆိုပေးသည်ဟု သိရသည်။

မြို့သိမ်းတိုက်ပွဲကို အလျင်အမြန်ဆင်နွှဲနိုင်ရေးအတွက် ပါဝင်မှုတရပ်အနေဖြင့် အတိုးမဲ့ငွေတိုက်စာချုပ်များကို ဝယ်ယူသူများပြားပြီး အတိုးပမာဏတခုနှင့် ဝယ်ယူလိုပါက တနှစ်လျှင် ၃ ရာခိုင်နှုန်းအတိုးဖြင့် ရောင်းချပေး သည်ဟု သိရသည်။

ကမ်ပိန်းတာဝန်ရှိသူအမျိုးသမီးက “အခုလောလောဆယ်က ဒေါ်လာ ၂သိန်းကျော် ရောင်းချထားတယ်။ လိုအပ်ချက် (target) ပြည့်ဖို့ ဘယ်အထိ ရောင်းရမယ်ဆိုတာ bond ကနေဖြစ်စေ၊ လက်မှတ်ရောင်းချမှုကနေ ဖြစ်စေ ထောက်ပံ့လှူဒါန်းမှုက ဖြစ်စေ မြို့သိမ်းအတွက်လိုအပ်တဲ့ ပမာဏ ပြည့်မိတဲ့အထိတော့ ဆက်ပြီး ရောင်းသွားဖို့ရှိပါတယ်။ ZFU Bond ကို ချင်းလူမျိုးတွေပဲ မဟုတ်ဘဲနဲ့ တခြားတိုင်းရင်းသားတွေလည်း ဝယ်နေကြတာရှိတယ်” ဟု ပြောသည်။

နွေဦးတော်လှန်ရေးကာလတွင် ချင်းတော်လှန်ရေးအတွက် ချင်းတော်လှန်ရေးအင်အားစုက ငွေတိုက်စာချုပ်များ ဖန်တီးရောင်းချမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်နှစ်က NUG အစိုးရက ချင်းပြည်နယ်တွင် ငွေတိုက်စာချုပ်များ ရောင်းချမှု ရှိခဲ့သည်။

တီးတိန်မြို့သိမ်းနိုင်ရေးအတွက် ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းကမ်ပိန်းတွင် တီးတိန်မြို့ပေါ် မြေကွက်ကို မဲလက်မှတ်ဖြင့်ရောင်းချခြင်း၊ ZFU ငွေတိုက်စာချုပ် ရောင်းချခြင်းနှင့် တော်လှန်ရေးရန်ပုံငွေများ ကောက်ခံလျက်ရှိကြောင်း သိရသည်။

KMG ပေးပို့သည်။