စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် မြို့သိမ်းတိုက်ပွဲများကြောင့် လက်ရှိဇူလိုင်လအတွင်း မြို့ပေါ်နေထိုင်သူ ၅၀ ဦးခန့်သာ ကျန်ရှိတော့သည်ဟု မန္တလေးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ ပြောဆိုမှုအရ သိရသည်။
မြို့သိမ်းတိုက်ပွဲ မဖြစ်ပွားခင် မေလအထိ ပင်လည်ဘူးမြို့ပေါ်တွင် နေထိုင်သူ ၄၀၀ ဝန်းကျင်ရှိခဲ့ရာမှ တိုက်ပွဲကြောင့် မြို့ကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ကြသူများရှိပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များက ခေါ်ဆောင်သွားသူများလည်းရှိကြောင်း ၎င်းတို့က ပြောသည်။
စစ်ဘေးတိမ်းရှောင်လာသည့် ပင်လည်ဘူးဒေသခံတစ်ဦးက “အခုက ၄၀ ကျော်လောက်ပဲ ကျန်တော့မယ်။ ပြည်သူလူထုတွေကတော့ သူတို့သဘောနဲ့သူတို့ကတော့ လိုက်သွားတာ မရှိပါဘူး၊ သူတို့အတင်း အဓမ္မ ခေါ်လို့လိုက် သွားရတာပဲရှိတယ်။ ကျန်တဲ့သူတို့ဘက်ကို မလိုက်ချင်တဲ့ ပြည်သူလူထု ကျန်တော့တာလေ” ဟု ပြောဆိုသည်။
မြို့ပေါ်တွင် ကျန်ရှိနေသည့် လူဦးရေ ငါးဆယ်ဝန်းကျင်သည်လည်း အသက်ကြီးရွယ်အို အများဆုံးဖြစ်ပြီး လက်နက်ကြီးကျည် ထိမှန်ထားသူ ၊ ဒရုန်းဗုံးသီး ထိမှန်ထားသူများလည်းရှိကြောင်း အဆိုပါစစ်ရှောင်များက ပြောဆိုသည်။
ပင်လည်ဘူးမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရားပျက်စီးသွားပြီး စစ်ကောင်စီတပ်စခန်းကုန်းများနှင့် ရဲတပ်ဖွဲ့ဝင်များသာ ကျန်ရှိတော့သည်ဟု ၎င်းတို့က ဆိုသည်။
မေလအတွင်း ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲတွင် ပင်လည်ဘူးကျောက်တိုင်ကုန်းအထိ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်က ထိုကုန်းကို ပြန်လည် ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း သိရသည်။
ပင်လည်ဘူးမြို့ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ ၃ ကြိမ်အထိ ဖော်ဆောင်ထားခဲ့ပြီး မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးသော်လည်း မြို့နယ်အတွင်းက ကျေးရွာအားလုံးနီးပါးကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ပင်လည်ဘူးမြို့ပေါ်တွင် ၂၀၂၂ ခုနှစ်အထိ နေထိုင်သူ ၇၅၀၀ ကျော်ရှိပြီး မြို့သိမ်းတိုက်ပွဲကြောင့် လူဦးရေအားလုံးနီးပါး မြို့နှင့် ၃ မိုင်ကျော်ဝေးသည့် ကျေးရွာများဆီဘက်ကို တိမ်းရှောင်နေထိုင်ကြပြီး မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင်မြို့များသို့လည်း ထွက်ပြေးတိမ်းရှောင်ကြကြောင်း သိရှိရသည်။
ရှမ်းနီအသံ ပေးပို့သည်။