မြို့နယ်တွင်း တင်းကျပ်ထားသည့် ခရီးသွားလာခွင့်ကို ဖြေလျော့ပေးရန် တောင်ကုတ်ဒေသခံများ လိုလား

By MPM 26 မတ်, 2026 👁 3

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဒေသခံများ ခရီးသွားလာခွင့်ကို တင်းကျပ်ထား၍ သွားလာရေး အခက်ကြုံတွေ့နေကြရသဖြင့် ဖြေလျော့ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

တောင်ကုတ်ကနေ အခြားမြို့နယ်များကို ဖြတ်ကျော်သည် ဖြစ်စေ၊ မြို့နယ်တွင်းဖြစ်စေ ခရီးသွားမည့်သူများမှာ ရပ်ကျေး ထောက်ခံစာအပါအဝင် သက်ဆိုင်ရာ တိုက်နယ်၊ သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးရုံးတွင် ထပ်မံ၍ ထောက်ခံစာ တစ်စောင် တောင်းခံနေရကြောင်း ဒေသခံများက ပြောသည်။

အကယ်၍ ထောက်ခံစာ ပြည့်ပြည့်စုံစုံ မပါသူများကို လုံခြုံရေး စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းခွင့်မပြုဘဲ နောက်ပြန်လှည့်ခိုင်းကြောင်း သိရသည်။

“မြို့နယ်ဖြတ်ကျော်ခွင့်အတွက် ဆိုရင်တော့ (ထောက်ခံစာတောင်းတာ) လက်ခံတယ်။ အခုက မြို့နယ်အတွင်း သွားလာရေး ကိစ္စမှာတောင် ထောက်ခံစာ နှစ်စောင် တောင်းနေရတယ်။ ဒါက မဖြစ်သင့်ဘူး။ မလိုအပ်ဘဲ အချိန်ကုန်တယ်။ ငွေကြေး ကုန်ကျမှုလည်းများတယ်” ဟု တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက DMG ကို ပြောသည်။

တောင်ကုတ်မြို့နယ်တွင် ရပ်ကျေး၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင်စသည့်ဖြင့် အရပ်ဘက်အုပ်ချုပ်ရေးအတိုင်း အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

သို့သော် မြို့နယ်အတွင်း အုပ်ချုပ်ရေးနယ်မြေ တိုက်နယ်ခြားရုံဖြင့် ယင်းကဲ့သို ထောက်ခံစာနှစ်စောင် တောင်းခံနေရခြင်းဖြစ်ပြီး မြို့နယ် သို့မဟုတ် တိုက်နယ်အဆင့်က ထောက်ခံစာရယူရာတွင် ခရီးစရိတ် သုံးစွဲရခြင်းအပါအဝင် အချိန်ကြန့်ကြာမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။

ထို့အပြင် မြို့နယ်/ တိုက်နယ်အဆင့် ရုံးများတွင် ထောက်ခံစာတစ်စောင်အတွက် ငွေကျပ် ၃,၀၀၀ စီပေးရပြီး ခရီးစရိတ်ကုန်ကျမှုတို့ကြောင့် အဆင်မပြေမှုများ တွေ့ကြုံနေကြရကြောင်း ပြောဆိုကြသည်။

“သာရေး၊ နာရေးကိစ္စနဲ့ အရေးကြီးလို့ သွားမယ့်သူဆိုရင် အဆင်မပြေတော့ဘူး။ ကိုယ်သွားလိုတဲ့ နေရာက ဆိုင်ကယ်စီးရင် နာရီဝက်ကျော်လောက်ပဲ ရှိမယ်။ အဲဒီ ထောက်ခံစာတွေ သွားယူနေရတာက တစ်ရက် အချိန်ကုန်တယ်။ ထောက်ခံစာရဖို့ သွားစရိတ်၊ လာစရိတ်ကလည်း ရှိသေးတယ်” ဟု တောင်ကုတ် မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုကြောင့် စစ်မက်ဒဏ်အောက် စီးပွားရေးကျပ်တည်းမှုကို ရင်ဆိုင်နေကြရသော ရခိုင်ပြည်သူများအတွက် မလိုအပ်ဘဲ ငွေကုန်ကျမှုကို လျော့ချရေးအပါအဝင် ULA/AA အနေဖြင့် သွားလာရေး လွယ်ကူစေရန် စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တောင်ကုတ်ဒေသခံများက အကြုံပြုသည်။

ထို့အတူ မိမိမြို့နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရရှိရေး လိုလားကြောင်း ပြောဆိုကြသည်။

“တချို့ကိစ္စတွေကို ရပ်/ ရွာအဆင့် ထောက်ခံစာလောက်နဲ့ ပြီးစီးဖို့ လိုတယ်။ ဒီအတွက် ရပ်/ရွာ အဆင့် ရုံးတွေကလည်း တာဝန်ယူပေးနိုင်ရမယ်။ ပြည်သူတွေဟာ စစ်ပွဲတွေကြောင့် အစစအရာရာ အဆင်မပြေမှုတွေ များနေတာကို တာဝန်ရှိသူတွေဘက်က နားလည်ပြီး တင်းကျပ်မှု တချို့ကို ဖြေလျော့ပေးဖို့ လိုတယ်လို့မြင်တယ်” ဟု တောင်ကုတ်မြို့ခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့နယ်သည် ပဲခူးတိုင်း၊ မကွေးတိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိဆက်နေပြီး အဆိုပါ တိုင်းနှစ်ခုစလုံးတွင် စစ်ကောင်စီနှင့် AA မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲရှိနေသဖြင့် တောင်ကုတ်မြို့နယ်ကို ခရီးသွားလာခွင့် အပါအဝင် လုံခြုံရေးဆိုင်ရာ တင်းကျပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော်သည် ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာတွင် တောင်ကုတ်မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိ ULA အုပ်ချုပ်မှုအောက်တွင် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တယားများကို လည်ပတ်လျက်ရှိနေသည်။

DMG