ကရင်ပြည်နယ် မြဝတီမြို့မှာ ပြည်သူ့စစ်အဖွဲ့တွေဟာ ညဘက် လူငယ်လူရွယ်တွေကို လိုက်လံဖမ်းဆီးနေပြီး ဖမ်းဆီးရမိတဲ့ လူငယ်လူရွယ်တွေကို စစ်တပ်ထံ ပြန်ရောင်းစားကာ စီးပွားဖြစ်နေကြတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြဝတီမြို့ပေါ်ရပ်ကွက်တွေမှာ ရပ်ဝေးဒေသကနေ လာရောက်နေထိုင် အလုပ်လုပ်နေကြတဲ့ လူငယ်လူရွယ်တွေအပြင် နယ်ခံတချို့တွေကိုပါ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်ရှိလာနေပြီး လူငယ်လူရွယ်တွေအများအပြား ပျောက်ဆုံးနေတယ်လို့ မြဝတီမြို့ခံတွေက ဆိုကြပါတယ်။
မြို့ပေါ်မှာပျောက်ဆုံးသွားတဲ့ လူငယ်လူရွယ်တချို့ဟာ ကရင်ပြည်နယ်ကနေ သွားရောက်ရမယ့် စစ်မှုထမ်းသင်တန်းအတွက် အခမ်းအနားတွေမှာ ပုံနဲ့တကွ ပြန်တွေ့မှသာ ပေါ်တာဆွဲဖမ်းဆီးခံရတာကို သိရှိရပြီး အခြားပျောက်ဆုံးနေသူတွေကတော့ ၁ နှစ်ပြည့်တဲ့အထိ ဘာမှ အဆက်အသွယ်မရ သတင်းမကြားရဘူးလို့ နယ်မြေခံတွေက ဆိုပါတယ်။
မြဝတီမြို့ပေါ်မှာ လူငယ်လူရွယ်တွေအပေါ် ပေါ်တာဆွဲလုပ်ဆောင်နေတဲ့ကိစ္စရပ်တွေဟာ စစ်တပ်အပြင် စစ်တပ်လက်အောက်ခံတွေဖြစ်ကြတဲ့ ပြည်သူ့စစ်အဖွဲ့တွေ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ တပည့်တွေ အမျိုးသားရေးသမား (မဘသ) အဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတချို့ပါ ပါဝင်တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
အထူးသဖြင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ တပည့်တွေ ပြည်သူ့စစ်အဖွဲ့တွေနဲ့ အမျိုးသားရေးသမား (မဘသ) အဖွဲ့တို့ဟာ ညဘက်တွေမှာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေကြတာတွေလည်း ဈေးကွက်တစ်ခုလို ဖြစ်နေပြီး စီးပွားလည်းအတော်ဖြစ်နေတယ်လို့ မြဝတီမြို့ခံတွေက ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ လူငယ်တစ်ဦးကို အနည်းဆုံး ငွေကျပ် သိန်း ၄၀ ကနေ သိန်း ၁၀၀ ဝန်းကျင်အထိ ပြည်သူ့စစ်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တပည့်တွေနဲ့ မဘသအဖွဲ့တို့က စစ်တပ်ထံ ရောင်းစားနေကြပြီး စစ်မှုထမ်း ပေါ်တာဆွဲဖမ်းဆီးမှုတွေ ညစဉ်ရှိနေတာကြောင့် ညဘက် မြဝတီမြို့ပေါ်မှာ တိတ်ဆိတ်ခြောက်ကပ်ကာ အပြင်မထွက်ရဲကြတော့ဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ ညကလည်း မြဝတီမြို့ပေါ်မှာ ကင်းလှည့်ပတ်နေတဲ့ စစ်တပ်အဖွဲ့က ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်တစ်ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ရာ အဲဒီလူငယ်မှာ ပွဲချင်းပြီးသေဆုံးသွားတာလည်း ရှိခဲ့ပါတယ်။
မြဝတီမြို့မှာ စစ်တပ်က စစ်မှုထမ်းသင်တန်းတွေထဲ လူဦးရေပြည့်မီအောင် ပို့ဆောင်နိုင်ရေးအတွက် လူငယ်လူရွယ် ၁၅၀ နီးပါးကို ဖမ်းဆီးချုပ်နှောင်ထားပြီး လိုအပ်လာပါက စစ်မှုထမ်းထဲပို့ဆောင်နိုင်ဖို့ အသင့်ပြင်ဆင်ထားရှိတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
သံလွင်တိုင်းမ်