မြဝတီမြို့ပေါ် အချက်အခြာနေရာများမှ BGF ဆုတ်ရ၊ မြို့လုံခြုံရေး စစ်တပ်ပြန်ယူ အဝင်/အထွက် စတင်းကြပ်

By MPM 11 စက်တင်ဘာ, 2025 👁

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ပေါ်ရှိ အချက်အခြာကျသည့် နေရာများရှိ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေး ဂိတ်စခန်းများမှ ပြန်ဆုတ်ခွာသွားရပြီး မြို့လုံခြုံရေးကို အာဏာသိမ်းစစ်တပ်က တစ်ဆင့်ခြင်းပြန်တာဝန်ယူနေသလို မြို့ဝင်၊ မြို့ထွက် များကိုလည်း စစ်ဆေးတင်းကြပ်မှု စတင်လုပ်ဆောင်နေသည်ဟု မြို့ခံများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ စသည့် သတင်းရင်းမြစ်အသီးသီးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြဝတီမြို့သို့ ဝင်ရောက်ရာနေရာများတွင် စစ်တပ်က အင်အားတိုးချလိုက်ပြီး စက်တင်ဘာ ၁၀ ရက်နေ့မှ စ၍ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်-၁ တံတား ပတ်လမ်း၊ မြေနီကုန်း၊ ခြေလျင်တပ်ရင် (ခလရ-၂၇၅)၊ ကုန် သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်၊ မေတ္တာလင်းမြိုင်၊ စစ်မှုထမ်းဟောင်းရပ်ကွက်ဂိတ်များ၌ လုံခြုံရေးတင်းကြပ်ထား ပြီး BGF အပါ လက်နက်ကိုင်များ မြို့ဝင်၊ မြို့ထွက်ကို စစ်ဆေးတင်းကြပ်ထားသည်ဟု လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“အဲ့ဘက်ကနေ မြို့ထဲဝင်တာဖြစ်ဖြစ်၊ မြို့ထဲက မြို့ပြင်ထွက်တာဖြစ်ဖြစ်၊ လက်နက်၊ လူ၊ ကား၊ အင်အားစာရင်း၊ ဘယ်တပ်ရင်းတပ်ဖွဲ့၊ ဦးစီး အပေါင်း အင်အားဘယ်လောက်လာတယ်၊ ပြန်တယ် အကုန်စစ်နေပြီ၊ သတင်းပို့ပြီးမှ ဝင်ခွင့် ထွက်ခွင့် ပြုမယ့်ပုံစံ စပြီးစစ်နေပြီ” ဟု မြို့တွင်း ဝင်ထွက်သွားလာနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် သတင်းရင်းမြစ်က ကေအိုင်စီသို့ ပြောသည်။

စစ်တပ်က စစ်တင်ဘာ ၉ ရက်နေ့ ညပိုင်းတွင် ထိုင်း-မြန်မာ အမှတ်-၁ ချစ်ကြည်ရေးတံတား ပတ်လမ်းအောက်ရှိ ကရင်နယ်ခြားစောင့်တပ်-BGF လုံခြုံရေး ကင်းစခန်းကို ဖယ်ရှားခိုင်းပြီးနောက် စစ်ကား ၁၀ စီးကျော်ဖြင့် ဝင်ရောက် အထိုင်ချတပ်စွဲထားပြီး လက်နက်ကိုင်များ တံတားအောက်ဖြတ်သန်းသွားလာရာတွင် သတင်းပို့ရန် ဆိုင်းပုဒ်ထောင်လိုက်သလို လက်ရှိ လက်နက်ကိုင်များတံတားအောင်မှ သွားလာ၍ မရတော့ဟု မြို့ခံလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“အခုတော့ သူတို့ စစ်တပ်နဲ့ပေါင်းတဲ့ လက်နက်ကိုင်အဖွဲ့တွေ အခက်တွေ့နေပြီး။ သူတို့ဘဲ ဖားအံကနေ မြဝတီ ခေါ်တင်ပေးတဲ့စစ်တပ်။ အခု မြဝတီရောက်လာတော့ သူတို့ကိုပြန်ကြပ်၊ ပြန်စစ်နေပြီလေ။ ဘာလိုလဲဆိုတော့ အဖွဲ့အစည်းမျိုးစုံ ဘတ်တံဆိပ်မျိုးစုံ၊ ဝတ်စုံမျိုးစုံဝတ်ပြီး ပြန်တိုက်ခံရမှာကြောက်တော့ သူတို့နဲ့ ပေါင်းပေမယ့် စစ်ဆေးတာတော့ အဖွဲ့ မှန်ရင် အစစ်ခံပြီးသွားရမယ်။ အဖွဲ့ မမှန်ရင်တော့ ဖမ်းခံရမှာပေါ့နော်” ဟု အခြေအနေကို သိထားသူ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

လက်ရှိ စစ်တပ်က သင်္ဃန်းညီနောင်မှတစ်ဆင့် မြဝတီသို့ ပြန်လည်ဝင်ရောက်လာပြီးဖြစ်သော်လည်း ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီးကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘဲ လမ်းပြန်မဖွင့်နိုင်သေးသည့် အခြေအနေရှိကြောင်း သိရသည်။

လမ်းပြန်ဖွင့်ပြီး ကုန်ကားနှင့် ခရီးသည်တင်ကားများ သွားလာခွင့်ရရန် လိုလားနေသော်လည်း ရွေးကောက်ပွဲကြောင့် စစ်ရေးတင်းမာပြီး မြို့တွင်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများလည်းရှိကြောင်း မြို့ခံတို့က ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းက ကေအဲန်ယူလက်အောက်ခံ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ မဟာမိတ်ပူးပေါင်းတပ်များ မြဝတီမြို့ကို သိမ်းပိုက်ပြီး ထိုနှစ် ဧပြီ ၂၀ ရက်တွင် ပြန်ဆုတ်ပြီးနောက် ဧပြီ ၂၁ ရက်နေ့မှစ၍ မြို့ကို ကရင်နယ်ခြားစောင့်တပ် – BGF က လုံခြုံရေးတာဝန်ယူထားခြင်းဖြစ်သည်။

ထိုနောက် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကို စစ်တပ်စစ်ကြောင်းများ ထိုးစစ်ဆင်ပြီးနောက် မြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။

၅ ရက်ကြာပြီးနောက် BGF တပ်များ မြို့တွင်းနေရာများမှ တပ်ပြန်ဆုတ်ရပြီး စစ်တပ်က မြို့လုံခြုံရေး ပြန်ရယူသွားခြင်း ဖြစ်သည်။

ကေအိုင်စီ