Myanmar Peace Monitor

မြဝတီမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၂၈ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ကော်ဘရာစစ်ကြောင်း သတင်းထုတ်ပြန်လာ

ကရင်ပြည်နယ် မြဝတီမြို့နယ်တစ်ဝိုက်တွင် ဧပြီလ ၄ ရက်မှ ၉ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်စခန်းများကို ကရင်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၂၈ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ဧပြီ ၁၀ ရက် ယနေ့ ထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်း၊ KNU/KNLA တပ်မဟာ(၆)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့တို့သည် မြတီမြို့အနီးနေရာအနှံ့အပြား ရှိ စစ်ကောင်စီတပ်နှင့် BGF တပ်စခန်းများအား စစ်ဆင်ရေးလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဧပြီ ၄ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ စခန်းကုန်းအားတိုက်ခိုက်ခဲ့ရာ စစ်တပ်ဖက်မှ ၈ ဦး သေဆုံးပြီး BGF (၁) ဦးနှင့် သတင်းပေး (၂) ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော် (၂) ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ဧပြီ ၅ ရက်နှင့် ၆ ရက်နေ့များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ဧပြီ ၇ ရက်နေ့တွင် စစ်တပ်နှင့် BGF တပ်တို့သည် မဲကနယ်ကျေးရွာအား အင်အားအလုံးအရင်းဖြင့် နေရာ (၃) နေရာမှ စစ်ကြောင်းထိုးဝင်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ ကြောင်း၊ စစ်တပ်ဖက်မှ (၆) ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ဧပြီ ၈ ရက်နေ့တွင် စစ်တပ်ဖက်မှ လက်နက်ကြီးနှင့် အကြိမ်ပေါင်း (၁၀၀) အထက်ပစ်ခတ်ပြီး အင်အား အလုံးအရင်းဖြင့် မဲကနယ်ရွာအား ထပ်မံစစ်ကြောင်းထိုးတိုက်ပွဲထပ်မံပြင်းထန်ခဲ့ရာ စစ်တပ်ဖက်မှ (၁၁) ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် (၁) ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ဧပြီ ၉ရက်နေ့တွင်လည်း စစ်တပ်ဖက်မှ လက်နက်ကြီးဖြင့်အကြိမ်ရေ (၈၀) ခန့် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးတက်လာရာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ BGF ကျော်စိုးစခန်းကုန်းတွင် စစ်တပ်ဖက်က (၃) ဦး သေဆုံးခဲ့သည်။

အဆိုပါ ၆ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဖက်မှ နင်းမိုင်း (၂) လုံး၊ ၆၀ မမ (၁) လုံး၊ ကပစ ကျည် (၂၀၀) တောင့်၊ AK (၁) လက်၊ ကျည်ပေါက် (၄) ပေါက်၊ လက်ပစ်ဗုံး (၃) လုံး၊ 40 mm (၂၀) လုံး ၊ 7.62 (၂၀၀) တောင့်၊ ကာဘိုင်ကျည် အတောင့် (၂၄၀)၊ ၅.၅၆ MA ကျည် အတောင့် (၄၀၀)၊ AK ကျည်ဆံ အတောင့် (၂၀၀)နှင့််Huawei ဖုန်း (၁)လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းတိုက်ပွဲများကြောင့် မြဝတီမြို့နယ်အတွင်းက ဒေသခံ တစ်သောင်းနီးပါးတို့သည် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ လက်ရှိအချိန်အထိ မြဝတီမြို့နယ်တစ်ဝိုက်တွင် စစ်ရေးတင်းမာနေဆဲဖြစ် ကြောင်းလည်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ထို့အပြင် ဧပြီ ၇ ရက်မှစပြီး ၂၁ ရက်နေ့အထိ မြဝတီမှ ကော့ကရိတ်အထိ အာရှလမ်းမကြီးလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း လုံးဝ (လုံးဝ) မလုပ်ကြဖို့ မြေပြင်ပူးပေါင်းစစ်ကြောင်း အစည်းအဝေး ဆုံးဖြတ် ချက်အရ များတော်လှန်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့က ဧပြီ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။ NN – 24

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်