မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ၏ အရေးကြီးလုံခြုံရေးစိန်ခေါ်မှုအဖြစ် သတ်မှတ်ရန် အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုက QUAD ကို တိုက်တွန်း

By MPM 24 မေ, 2026 👁 4

မြန်မာ့အရေးအား အင်ဒို-ပစိဖိတ်ဒေသ၏ အရေးကြီးသော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတခုအဖြစ် သတ်မှတ်ကာ အရေးပေါ် ပူးပေါင်းဆောင်ရွက်ရန် QUAD (လေးနိုင်ငံလုံခြုံရေးဆွေးနွေးပွဲ) အဖွဲ့ဝင်နိုင်ငံများအား မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုက တိုက်တွန်းလိုက်သည်။

People Movement Platform Myanmar က ဦးဆောင်ထုတ်ပြန်သော ကြေညာချက်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှုအကျပ်အတည်း၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် နယ်စပ်ဒေသမလုံခြုံမှုများ ပိုမိုဆိုးရွားလာကြောင်း ဖော်ပြထားသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးကွန်ရက်များနှင့် ဒေသတွင်း မတည်ငြိမ်မှုများ၏ အဓိကအကြောင်းရင်းမှာ စစ်အုပ်စုသာဖြစ်ကြောင်းလည်း ထောက်ပြထားသည်။

ထို့ပြင် ပြည်သူများသည် စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်နေပြီး တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများက ဒေသအများအပြားတွင် ထိန်းချုပ်မှုရရှိလာကြောင်း ဖော်ပြခဲ့သည်။

အထူးသဖြင့် အိန္ဒိယနှင့် တရုတ်နယ်စပ်ဒေသများတွင် ဒေသခံအုပ်ချုပ်ရေးကွန်ရက်များက ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်းကိုလည်း ဖော်ပြထားသည်။

ထို့ကြောင့် QUAD အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့အရေးကို မဟာဗျူဟာမြောက် ဦးစားပေးကိစ္စ တခုအဖြစ် သတ်မှတ်ရန်၊ စစ်အုပ်စု၏ နိုင်ငံတကာတွင် တရားဝင်မှုရရှိရေး ကြိုးပမ်းမှုများကို အသိအမှတ်မပြုရန်၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်ရန်၊ လက်ရှိမြေပြင်အခြေအနေများအရ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကို ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသတွင်း ရာဇဝတ်ကွန်ရက်များကို ပူးပေါင်းတိုက်ဖျက်ရန် တောင်းဆိုခဲ့သည်။

မဇ္ဈိမ