မြန်မာ့လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းကို ပြတ်ပြတ်သားသား ကိုင်တွယ်ရန် HRW တိုက်တွန်း

By MPM 16 နိုဝင်ဘာ, 2026 👁 141

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရန် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များအား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch – HRW) က ယနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။

လာမည့် နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် အရှေ့တောင် အာရှနိုင်ငံ များအသင်း (ASEAN) နှင့် မိတ်ဖက်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးများသို့ အာဆီယံခေါင်းဆောင်များအပြင် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တရုတ်နှင့် အိန္ဒိယ အပါအဝင် အခြားနိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဖြစ်သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ရန် လုပ်ဆောင်ရာတွင် အာဆီယံ ခေါင်းဆောင်များအနေဖြင့် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်သည်ဟု Human Rights Watch ၏ အာရှရေးရာ စည်းရုံးလှုံ့ဆော်မှု ဒါရိုက်တာ ဂျွန်ဆစ်ဖ်တန်က ပြောသည်။

၎င်းက “အစိုးရတွေအနေနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအပေါ် ကန့်သတ်ပိတ်ပင်ထားတာတွေကို ဖယ်ရှားပေးဖို့နဲ့ အရပ်သား အုပ်ချုပ်ရေးဆီ အသွင်ကူးပြောင်းရေးအတွက် ယုံကြည်စိတ်ချရတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ စစ်အုပ်စုအပေါ် ဖိအားတွေ တိုးမြှင့်ပေးသင့်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် အာဆီယံ၏ တောင်းဆိုထားသည့် ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို စစ်အုပ်စုဘက်က လျစ်လျူရှုပယ်ချထားသော်လည်း မကြာသေးမီလများအတွင်း အာဆီယံနှင့် ဒေသတွင်း အစိုးရအချို့သည် အာဏာသိမ်းသမ္မတမင်းအောင်လှိုင်အား လက်ခံတွေ့ဆုံမှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က အာဆီယံဥက္ကဋ္ဌနှင့် ထိပ်သီးအစည်းအဝေး အိမ်ရှင်ဖြစ်သူ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) ထံသို့ HRW က ပေးပို့သော စာတစ်စောင်တွင် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်အား သမ္မတရာထူး ရယူစေခဲ့သည့် ၂၀၂၆ ခုနှစ် အစောပိုင်းက အတုအယောင် ရွေးကောက်ပွဲများကို အသိအမှတ်မပြုရန်နှင့် ထောက်ခံခြင်းမပြုရန် အာဆီယံအား တိုက်တွန်းခဲ့သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင်မူ မင်းအောင်လှိုင်သည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက် မည်မဟုတ်ကြောင်း ဖိလစ်ပိုင်အစိုးရက အတည်ပြုခဲ့သည်။

ထို့ကြောင့် အာဆီယံ မိတ်ဖက်နိုင်ငံများအနေဖြင့် အာဆီယံ အစည်းအဝေးများတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စစ်အုပ်စု တာဝန်ရှိသူများ တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားရန် အာဆီယံအဖွဲ့အား တိုက်တွန်းသင့်ကြောင်းလည်း HRW က ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီနှင့် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူထားသူ မင်းအောင်လှိုင်သည် နိုင်ငံတစ်ဝန်း ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေး အများအပြားကို ဦးဆောင်ခဲ့ပြီး ၎င်းတို့အနက် အများစုမှာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်နေကြောင်း HRW က ထောက်ပြသည်။

စစ်အုပ်စုသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူ လူပေါင်း ၃၂,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အနည်းဆုံး ၂,၃၀၀ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့သည့်အပြင် ဖမ်းဆီးခံရသူများသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်စွာ ပြုမူဆက်ဆံမှုများကို ရင်ဆိုင်နေရကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ဖမ်းဆီးခံရသူများအနက် ၆,၆၀၀ ကျော်မှာ အမျိုးသမီးများဖြစ်ကြပြီး အများစုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပြင် အသက်အန္တရာယ်ထိခိုက်စေနိုင်သည်အထိ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုနှင့် သားဖွားမီးယပ်ဆိုင်ရာ ဆေးဝါးကုသခွင့် ငြင်းပယ်ခံရမှုများကို ကြုံတွေ့နေရကြောင်း HRW က မကြာသေးခင်က မှတ်တမ်းတင် ဖော်ထုတ်ခဲ့သည်။

အာဆီယံအစည်းအဝေးများအတွင်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး အခြေအနေများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းရေးနှင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသူများ အပါအဝင် မြန်မာပြည်သူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးတို့အပေါ် အာရုံစိုက်သင့်ကြောင်းလည်း HRW က တိုက်တွန်းထားသည်။

“သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်စေဖို့နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်လာအောင် ဖိအားပေး တွန်းအားပေးဖို့အတွက် ပိုမိုပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု HRW ၏ အာရှရေးရာ စည်းရုံးလှုံ့ဆော်မှု ဒါရိုက်တာ ဂျွန်ဆစ်ဖ်တန်ပြောသည်။

တစ်ဆက်တည်းတွင် အာဆီယံ အစည်းအဝေးများအပြီး ရက်အနည်းငယ်အကြာ နိုဝင်ဘာလ ၁၉ ရက်နေ့၌ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ် (The Hague) မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သည် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် သမိုင်းဝင်အမှုအတွက် စီရင်ချက် ချမှတ်မည်ဖြစ်သည်။

မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပါဝင်သည့် ကျယ်ပြန့်သော စစ်ဆင်ရေးကို ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း HRW က ဆိုသည်။

တစ်ဖက်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကလည်း ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့် မင်းအောင်လှိုင်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ICC တရားလိုရှေ့နေရုံးသည် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးစုများအပေါ် စစ်ဆင်ရေးအတွင်း အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု စသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် တရားသူကြီးများထံ တောင်းဆိုထားသော်လည်း တရားသူကြီးများက အများပြည်သူသိရှိစေရန် ဆုံးဖြတ်ချက်ထုတ်ပြန်ခြင်း မရှိသေးကြောင်း HRW ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအိုင်စီ